Phimosis and Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း
မြန်မာစာရေးတာနဲ့ စကားပြောတာ မှန်မှန်ကန်ကန်ဖြစ်စေချင်လို့ရေးတာ အပိုအဆာ ဆရာလိုက်လုပ်နေတာမဟုတ်ပါ။ လူကြီးမင်းများ ဖတ်ရှုပါလော့။ (ကန်တော့ပါ)
မင်္ဂလာပါဆရာ။ ကျွန်တော် ကျား အသက်၂၂ နှစ်ပါ။ ဆေးပညာဗဟုသုတမေးချင်လို့ပါ။ ယောကျာ်းလေး အင်္ဂါဖြတ်တာနဲ့ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုး သိချင်ပါတယ်ဆရာ။
ဟာ့ ကျားအင်္ဂါဖြတ်တာဆို တမျိုးဖြစ်သွားမယ်။ အရေပြားဖြတ်တာ၊ ပန်းငုံတာကိုခွဲစိတ်ပြုပြင်တာလို့သာ ရေးရမယ်။
ပန်းငုံတယ်ဆိုတာ ကျားအင်္ဂါရဲ့ထိပ်ပိုင်း ကွမ်းသီးခေါင်းကိုဖုံးထားတဲ့ အရေပြားက ဆွဲလှန်လို့ မရအောင် ပိတ်နေတာ၊ ဒါမှမဟုတ် အကုန်လုံးပွင့်သွားအောင် လှန်လို့မရနိုင်လောက်တာကိုခေါ်တယ်။ မွေးကတည်းကနေဖြစ်တာပါ။ ပန်းအဖျားက ဆီးကောင်းကောင်း ထွက်နိုင်လောက်အောင် ပွင့်နေရမယ်။ ငယ်တုန်းမှာ အတွင်းပိုင်းသွားကပ်နေတာကို အရွယ်ရောက်ချိန်မှာ အပေါ်ဆွဲတင်ရင် ပွင့်လာရပါမယ်။ ကလေးကို စမ်းကြည့်တာနဲ့ ဆွဲဖွင့်ရင် ပွင့်လာနိုင်ခြေကို သိတယ်။ အတင်းတော့ ဆွဲဖွင့်မပေးရပါ။ နဂိုအနေမှာ ၃ ပုံ ၁ ပုံလောက် ဖုံးနေရင် ကောင်းတယ်။ ဖွင့်မရတာ အသက်ကြီးအထိ မနေသင့်ဘူး။ ခွဲစိတ်ပြုပြင်ပါ။ ကလေးဆိုရင် ဆီးသွားလို့ခက်ပြီး၊ ငိုလာရင် အသက်ငယ်ပါစေခွဲပါ။ ကြာရင် အညစ်အကြေး အောင်းနေတတ်တယ်။ အဆီဥလေးတွေလဲ ဖြစ်လာတတ်တယ်။ အသာအယာ၊ လိုအပ်ရင် ထုံဆေးနဲ့ ရှင်းထုတ်ပေးရမယ်။ ပန်းခေါင်းလေးပြာနေတာ တွေ့လာရမယ်။ သွေးကောင်းကောင်း မလျှောက်ခဲ့ရလို့ပါ။ လုပ်ပေးပြီး၊ ပြန်ကောင်းသွားမယ်။
ဘီစီ ၁၃၆ဝ အီဂျစ် ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့တယ်လို့ အရုပ်တွေကြည့်ပြီး သိရတယ်။ အဲဒီတုန်းက ခေတ်စားခဲ့တဲ့ ယဇ်ပူဇော်မှု သဘောအရ ကြီးကောင်ဝင်တော့မဲ့ ယောက်ျားလေးကို ဒီလိုလုပ်ထားရင် အိမ်ထောင်ရေး ဖေါက်ပြန်မှု နည်းစေအောင်၊ မိန်းမတွေကို ဆွဲဆောင်မှု နည်းစေအောင်၊ သန့်ရှင်းရေးဆိုတဲ့ ရည်ရွယ်ချက်တွေရှိမယ်လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။ ရှေးဟောင်း ဆီမက်တစ်လူမျိုးအားလုံးက အကုန်မဟုတ်တောင် အများကလိုက်နာကျင့်သုံးခဲ့ကြပါသတဲ့။ ဒါပေမဲ့ မဟာအလက်ဇန်းဒါး ဒီနေရာဒေသတွေကို အောင်နိုင်တဲ့အခါ ဂရိတွေက ဒီနည်းကို မကြိုက်လို့ အလေ့အထ နည်းသွားစေခဲ့ပါတယ်။
WHO အဆိုအရ တကမ္ဘာလုံးမှာ ၃ဝ% သော ယောက်ျားလေးများ ပန်းအဖျားလှီးဖြတ်ပေးတာ လုပ်ကြတယ်။ ၇ဝ% က မွတ်ဆလင်များ ဖြစ်ပါသတဲ့။ ဆေးပညာအရလိုအပ်လို့ လုပ်ပေးရတာရှိသလို ဘာသာရေးအရ လုပ်ကြရတာလဲရှိတယ်။ ဂျူဒဇင်မှာ ဘုရားသခင်အလိုတော် အရ လုပ်ကြရပြီး၊ အစ္စလမ်အရ ကိုရမ်မှာ မပါပေမဲ့ အများအားဖြင့် ဆန်နားလို့ သတ်မှတ်ပြီး၊ တွင်တွင်ကျယ်ကျယ် လုပ်ကြပါတယ်။ အာဖရိကမှာလဲ ကက်သလစ် မဟုတ်တဲ့ ခရစ်ယန် ဘုရားကျောင်းများက လုပ်စေတာပါဘဲ။ ၁၉၃၄ ကတည်းက Gomco clamp ဆိုတဲ့ ကရိယာကိုသုံးတယ်။ မွေးစကလေးအတွက် Plastibell ကရိယာဆိုတာကို ၁၉၅၉ ကတည်းကသုံးတယ်။ ပလပ်စတစ်ကွင်းလေးတခုပါ။ အခု ကရိယာတွေ မသုံးဘဲ ခွဲစိတ်တာက ပိုများပါတယ်။ ဘာသာရေးအရ လုပ်ကြရာမှာ ရှေးကဆိုရင် အသုံးအဆောင် ကရိယာတွေကို ခန့်ညားလှတဲ့ သားရေဖုံး သေတ္တာနဲ့ ထည့်တယ်။ ဂျူးတွေကတော့ ငွေထည်တွေ သုံးပြီး၊ သတ်မှတ်ထားတဲ့ ဝတ်စုံတွေဝတ်ရတယ်။ ၈ ရက်မြောက်နေ့မှာ လုပ်ရတယ်။ မလုပ်ဘဲ သေသွားသူကိုတောင် မသာမချခင် လုပ်ပေးတာလဲ ရှိတယ်။ တချို့က အကအခုန်တွေတောင် ပါတာသေးတာ။
ပန်းငုံမနေပဲနဲ့ ပန်းအဖျားဖြတ်တာကို အဆိုးအကောင်း၊ လုပ်သင့်မသင့် ငြင်းနေကြပါတယ်။ မကောင်းကျိုးဆက်ကို လေ့လာရင် ကိန်းဂဏန်းအမျိုးမျိုးတွေ ရှိတယ်။ ဝ့ဝ၆% ကနေ ၅၅% အထိ သွေးယိုတာနဲ့ ပိုးဝင်တာဖြစ်တယ်။ နေရာဒေသတော့ ကွာပါတယ်။ ၁၉၉၉ က နိုက်ဂျီရီးယားမှာ ကလေး ၄၈ ယောက်ကို ဆန်းစစ်တော့ သွေးယိုတာ ၅၂%၊ ပိုးဝင်တာ ၂၁% တောင်ရှိတယ်။ အမေရိကားမှာ ကလေးပေါင်း ၃၅၄၂၉၇ ယောက်ကို လေ့လာတော့ ဝ့ဝ၁% ကနေ ဝ့ဝ၂% ရှိတယ်လို့ ထုတ်ပြန်တယ်။ အခုပြောနေတာတွေက လက်ငင်းဆိုးကျိုးတွေသာဖြစ်ပြီး၊ ရှာရှားပါးပါး နောင်မှာ ဖြစ်နိုင်တာတွေလည်း ရှိသေးတယ်။ တစ်ရှူးတွေရောင်တာ၊ သွေးမလျှောက်တာနဲ့ အမာရွက်ဖြစ်တာ၊ ထိပ်ဝကျဉ်းသွားတာ။ တခြားဟာတွေလည်း ရှိသေးတယ်။
လိင်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိတယ်၊ မရှိဘူးလဲငြင်းကြတာဘဲ။ ၁၉၉၉ မှာ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ ပြောတာက၊ လိင်ဆက်ဆံရေးမှာ ထိခိုက်မှု အနည်းနဲ့အများ ရှိနိုင်သတဲ့။ ၂ဝဝ၂ မှာ သုတေသန တခုက မိမွေးတိုင်းရှိတဲ့ ကျားအင်္ဂါမှာ ထောင်ချီတဲ့ အာရုံကြောတွေရှိနေတာကို ပန်းဖြတ်တာ လုပ်လိုက်လို့ ပျက်စီးသွားစေတယ်လို့ ဆိုတယ်။ အမေရိကန် မိသားစုဆရာဝန်များ အသင်းကတော့ ၂ဝဝ၇ မှာ ဒါ မရေရာပါဘူးတဲ့။ ဘာလို့လဲဆိုတော့ ပန်းဖြတ်ပေးလိုက်ရင် ပန်းထိပ်ဖျားက Cornified ဖြစ်သွားလို့ ထူသွား၊ ထုံသွားတယ်။ အာရုံခံ နည်းသွားစေတယ်။ ဒါပေမဲ့ ကျေနပ်မှုကို သွားမသက်ရောက်ပါတဲ့။ ၂ဝဝ၆ မှာ ဗြိတိန် BMA ကပြောတာကတော့ ပန်းဖြတ်ရလို့ ခွဲစိတ်ရတာဟာ ဆေးပညာ အရရော စိတ်ပိုင်းပါ သက်ရောက်မှုရှိတယ်တဲ့။
အရေပြားဖြတ်ရာမှာ များသွားတာနဲ့ နည်းသွားတာ ဖြစ်တတ်တယ်။ များတာလဲ မကောင်း၊ နည်းတာလဲ မကောင်းပါ။ ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ခွဲစိတ်ပြူပြင်ပြီးတာနဲ့ ပြန်ဆွဲဖုံးလိုက်ရင် ၃ ပုံ ၁ ပုံ အုပ်နေမှ ကောင်းတယ်။ အပေါ်ဖုံးအရေပြားရဲ့ အောက်ပိုင်း။ အလယ်တည့်တည့်မှာ လိင်တံရဲ့ခေါင်းကို လာဆက်ထားတဲ့ နေရာကို Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner's corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ ထောင်နဲ့ချီ ရှိတယ်။ အရေပြားဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ချန်ထားမှ ကောင်းပါတယ်။ ဖြတ်ပြီးပြီးချင် ကြည်လိုက်ရင်တော့ အဖုအထစ် ရှိနေသလို မြင်ရပေမဲ့ ချန်ထားတာ နောင်အတွက် ကောင်းတယ်။
ဖြတ်ပေးတာနည်းရင်လဲ ကုပေးတာအရာမရောက်ဘူး။ ထပ်လုပ်ချင် လုပ်ရတတ်တယ်။ သိပ်ငယ်တဲ့ကလေးကို လုပ်ရရင် ဘယ်လောက် ဖြတ်ထုတ်မလဲ ဆုံးဖြတ်ရတာ ပိုခက်တယ်။ ထုံဆေးနဲ့ခွဲရင် ကလေးက ငြိမ်နေတာ မဟုတ်လို့ ပို ခက်တယ်။ မေ့ဆေးပေးတာလဲ အထူးဂရုစိုက်ရတဲ့ အရွယ်ပါ။ ခွဲစိတ်အပြီး သန့်ရှင်းရေးနဲ့ ဆေးထည့်တာလဲ အရေးပါတယ်။ ခွဲပြီး ဂရုအစိုက်နည်းရင်လဲ မကျက်သေးတဲ့ အရေပြားတွေက မတော်တဲ့နေရာချင်း သွားဆက်နေရင် တံတားလို ဖြစ်သွား တတ်သေးတယ်။
ကလေးကို အဲလိုပန်းဖြတ်ပေးဘို့ မိဘတွေက ဆုံးဖြတ်နိုင်တယ်လို့ သတ်မှတ်တော့ တချို့က မိဘတွေ ကလေးအရေး သိပ်စွက်ဖက် လွန်းတယ်လို့ မြင်သူတွေရှိတယ်။ လူဆိုတာ အငြင်းသန်တဲ့လူက ငြင်းရမှ အိပ်ပျော်၊ စားကောင်းပုံရတယ်။ မွေးစကလေးတွေကို လုပ်ပေးရင် ထုံဆေး မသုံးတာကို ကန့်ကွက်တာတွေရှိတယ်။ ကျွန်တော်တော့ ပန်းဖြတ်ပေးတာမှာရော သားဦးဖွါးလို့ မအေညှစ်နေတုန်း မွေးလမ်းချဲ့ရာမှာရော ထုံဆေးမသုံးတာကို ဆန့်ကျင်တယ်။
၁၉၉၉ မှာ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ ထုံဆေးမပါဘဲ လုပ်တာမှာ နာကျင်မှု ဝေဒနာကြောင့် ကလေးမှာ စိတ်ထိခိုက်မှုရှိတယ် ဆိုတာကို ထောက်ခံတယ်။ ဆွီဒင်မှာ ၂ဝဝ၁ ခုနှစ်တုန်းက ထုတ်ပြန်ချက်မှာ ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်တွေကသာ လုပ်သင့်တယ်ဆိုတယ်။ ထောက်ခံတယ်။ (သူတို့က ထောက်ခံချက်တော့ မတောင်းပါ။) ဒါကို ဂျူးတွေကတော့ မကျေနပ်ဘူး။ ဒီလိုလုပ်တာဟာ နာဇီခေတ်နောက် ဂျူးတွေကို အစော်ကားဆုံးလို့ ပြောတယ်။ ဆွီဒင်အစိုးရက ခေါင်းမာတယ်။ (ခေါင်းကောင်းတာပါ) ၂ဝဝ၅ မှာ ပြန်ဆန်းစစ်ပြီး၊ ဆက်အတည်ပြုတယ်။
အကောင်းဖက်ကလည်း ပြောတယ်။ မလုပ်ရင် ဆီးလမ်းပိုးဝင်တာက ၁ဝ% ပိုဖြစ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ အဖြစ်နည်းတယ်။ နောင်မှာ လိင်တံကင်ဆာဖြစ်တာ နည်းနိုင်တယ်အထိ လုပ်ရေးဘက်က လူတွေက ဆိုတယ်။
ပန်းငုံတာဖြတ်ပေးရင် ယောက်ျားလိင်အင်္ဂါ ပတ်ဝန်းကျင်မှာနေတတ်တဲ့ ဗက်တီးရီးယား ကွန်မြူနတီကို ပြောင်းလဲစေတာမို့ HIV ကို ကာကွယ်ရာကျတယ်လို့ ဆိုတယ်။ (TGen) နဲ့ Johns Hopkins University တွေက သုတေသနက အကြောင်းနဲ့အကျိုး ဆက်စပ်မှုဆိုတာ ပန်းငုံတာဖြတ်ခြင်းနဲ့ HIV မှာ သိသာတယ်တဲ့။ စမ်းသပ်တာကလဲ ပန်းငုံတာ ဖြတ်တာ အလေ့နဲပြီး၊ HIV အဖြစ်များလှတဲ့ ဆာဟာရအောက်ပိုင်း နေရာတွေမှာ။ သက်သာတာ ၄ဝ% ရှိတယ်။ ပန်းငုံဖြတ်သူ ယောက်ျားထဲမှာ ၁ဝဝ ဆို ၄ဝ က HIV အဖြစ်နည်းတယ်။ အဲလို ပန်းအရေပြား ဖြတ်ပေးတာကြောင့် ဗက်တီးရီးယားတွေရဲ့ စနစ်ပြောင်းသွားလို့တဲ့။ ယောက်ျား လုပ်သူကနေ သူနဲ့ ဆက်ဆံတဲ့ မိန်းမကို မွေးလမ်းပိုးဝင်တာ နည်းသွားစေလို့တဲ့။ လေမကြိုက်တဲ့ ဗက်တီးရီးယားတွေကို ရှင်းပြစ်ရာကျတယ်။ ကပ်ကပ်သပ်သပ် စဉ်းစားကြည့်ရင် မြူးကပ်စ်ထွက်တဲ့ အပေါ်ဖုံးက နည်းသွားလို့ ဆက်ဆံနေတုန်း မိန်းမကိုယ်က ထွက်တဲ့အရည်နဲ့တွေ့ဘိုလဲ နည်းစေတယ်။ ဒါ့ကြောင့် ရှိချင်ရှိနေမဲ့ ဗိုင်းရပ်စ်နဲ့ ခုခံအား ဆဲလ်တွေ အပြန်အလှန်ပြုတာလဲ နည်းစေတယ်။
လုပ်လိုက်တာကြောင့် ပန်းကို ထိပ်ဖျားမှာဖုံးနေတဲ့ အရေပြားအောက်လွှာ Inner foreskin ဟာ မာကျောလာတယ်။ Keratinization ဖြစ်တာလို့ ခေါ်တယ်။ ဒါကြောင့် Target immune cells ကို ကာကွယ်မှု ပိုရစေတယ်။ နောက်ပြီး အဲလိုဖြတ်လိုက်လို့ စိုစွတ်မှုနည်းပြီး (အောက်စီဂျင်) ပိုရစေလို့ လေမကြိုက်တဲ့ပိုး Anaerobic bacteria တွေနည်းစေတယ်။ ဒီအကောင်တွေရှိနေရင် Target immune cells တွေကို HIV ဒဏ် ခံရစေနိုင်တယ်။ ဗက်တီးရီးယား အဆိုးနဲ့အကောင်း အရေအတွက် ပြောင်းသွားတယ်။ ဒါပေမဲ့ ဒီလိုလုပ်နည်းက နဲနဲသာ အကာအကွယ်ပေးနိုင်လို့ တခြားကာကွယ်နည်းတွေကို အစားထိုးလို့ မသင့်ဘူလို့ ဆိုပါတယ်။
ပန်းငုံနေလည်း အိမ်ထောင်ပြုနိုင်ပါတယ်။ ကလေးရဘို့ရာ မထိခိုက်ပါ။ စိတ်ပိုင်းကိုလည်း မထိခိုက်ပါ။ ခံစားမှုမှာတော့ နည်းချင် နည်းနိုင်တယ်။ ကိုယ့်အတွက် ပြောတာပါ။ ဒါလဲ သီအိုရီအရသာ ပြောတာ။ အဲလိုဖြစ်နေတဲ့ မြာပွေသလား မမေးနဲ့ဆိုသူ တယောက် တွေ့ဘူးတယ်။ အနာကျက်ဘို့ ၅-၇ ရက်သာ ကြာမယ်။ မဖြေရတဲ့ချုပ်ရိုးလည်း သုံးချင် သုံးနိုင်တယ်။ ဆက်ဆံဘို့တော့ ၂ ပါတ်ထက် မစောလေကောင်းလေးပါ။ အခုအရွယ်မှာ ပြင်ရတာ ငယ်သူတွေနဲ့ မတူတတ်ဘူး။ ကပ်နေတာတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပေးရအုံးမယ်။ အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်ကို အားကိုးပါ။
ဓါတ်ပုံ = ၂ဝ-၆-၂ဝ၁၃ နေ့က ယမုန်နာဆေးခန်းမှာ ပန်းအဖျားငုံခြင်းကိုခွဲပေးနေစဉ်၊ ဆရာမ မချိုချန်းနဲ့ ဆေးမှူး ကိုဇော်သန်းတို့က ကူညီကြတယ်။
ဒေါက်တာတင့်ဆွေ

No comments:
Post a Comment