Tuesday, August 29, 2017

Cleft lip နှုတ်ခမ်းကွဲနဲ့ Cleft palate အာခေါင်ကွဲ ဘာကြောင့်ဖြစ်သလဲ
၁။ မကြာမကြာပြောရသလို ရောဂါတူတွေ စုလာတတ်တယ်။ မနက်ကလား၊ မနေ့ညကလား အရွယ်ရောက် မိန်းကလေးတယောက်က မွေးရာပါအာခေါင်ကွဲတာကို ခွဲစိတ်ခါနီးမှာ ခွဲပြီးလည်း စကားပီသဘို့ အာမမခံဘူးဆိုတာနဲ့ မခွဲဖြစ်ခဲ့တဲ့အကြောင်းမေးတယ်။ အမှန်က အဲတာမျိုးကို စကားမပြောတတ်ခင်မှာပြုပြင်သင့်တယ်။ နောက်မှပြင်လည်း အကျိုးအများကြီးရှိပါတယ်။ မခွဲခင်ရင်လည်း အာခေါင်အပေါက်ကို ရေစိုခံစက္ကူ (မှိုင်းကိုင်းစက္ကူ) နဲ့ယာယီကပ်ထားရင် စကားပိုပီသတယ်လို့ အကြံပေးခဲ့ပါတယ်။
၂။ နောက် အသက် တနှစ်နဲ့ ၅ လ ကလေးစကားသင်တာအခက်အခဲရှိတာကိုမေးလာတယ်။ မိခင်က လျှာခင်ထင်လို့ လျှာခင်အကြောင်းရှင်းပြပြီး လျှောခင်ကြောင့်တော့ စကားမပြောတာ၊ မပီသတာမဖြစ်နိုင်ကြောင်းရှင်းပြလိုက်တယ်။ ခဏနေတော့ ကလေးပါးစပ်ဟနေတဲ့ပုံကို့တော့မှ အာခေါင်ကွဲနေတာတွေ့တယ်။ မေးကြတာတွေလည်း မနည်းလှပါ။
၃။ ဒေါက်တာရှင့် ကျမရဲ့သူငယ်ချင်း ကလေးက မွေးရာပါနှုတ်ခမ်းကွဲမွေးပါတယ်။ ကလေးက အခုမှ ၂ ရက်ပဲ ရှိပါသေးတယ်။ နုတ်ခမ်းကိုမွေးကင်းစချုပ်လို့ရလား၊ ဘယ်တော့လောက်မှချုပ်လို့ရလဲ သိချင်လို့ပါ။
၎။ ဆရာရှင့် သမီးက ကိုယ်ဝန် ၃၁ ပတ်မှာရေမွှာပေါက်ပြီး ခွဲမွေးလိုက်ရတာပါ ကလေးက အပြင်မှာ ခဏပဲအသက်ရှင်ပြီး ဆုံးသွားပါတယ်ရှင့်။ ကလေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲလဲပါတယ်လို့ပြောပါတယ်။ အဲလိုဘာကြောင့်ဖြစ်ရတာပါလဲရှင့်။ နောက်ယူမယ့်ကလေး အဲလိုဖြစ်မှာစိုးရိမ်နေပါတယ်ဆရာ။ ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးစေချင်ပါတယ်ရှင့်။
၅။ ဆရာရှင့် သမီးမသိလို့ မေးတာပါရှင့်။ မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါက ဘာကြောင့်ပါရတာလဲသိပါရစေရှင့်။ သမီးကလေးလေးမှာပါလာလို့ပါရှင့်။ ကလေးလေးက ခုတလသမီးပါရှင့်။
၆။ ဆရာ ကျွန်မတူမလေးက မွေးရာပါနှုတ်ခမ်းခွဲ အာခေါင်ခွဲလေးပါ။ အဲဒါ ပလပ်စတစ်ဆာဂျင်လုပ်လို့ရလား။ ထိုင်းမှာ လုပ်လို့ရတယ်လို့ကြားလို့ပါ။ ကလေးက ၃ နစ်ရှိပါပြီ။ ရန်ကုန်မှာခွဲတာ တော်တော်ပြန်ကောင်းလာတယ်။ ဒါပေမဲ့ ပုံမှန် လူတစ်ယောက်လိုတော့ မဖြစ်ဘူးပေါ့။ အဲလိုလုပ်ရင် ကောင်းဆိုး အခြေအနေလေးနဲ့ ဘယ်လောက် ဝန်းကျင်လောက် သုံးမှရမလဲ ပြောပြပေးပါလား။ ဆရာကိုကျေးဇူးတင်ပါတယ်။ ဓါတ်ပုံပါ ပို့ပေးလိုက်ပါတယ်ဆရာ။
၇။ ဆရာ သမီးအသက် ၃၈ နှစ်။ အိမ်ထောင်သည်ပါဆရာ။ သိချင်တာလေးရှိလို့ပါဆရာ။ အခုနောက်ပိုင်း ကလေးတွေမှာ မွေးရာပါနုတ်ခမ်းကွဲ၊ အာခေါင်ကွဲ တွေပါလာပြီး အဲလိုမျိုးဖြစ်နေကြပါတယ်ဆရာ။ မနေ့က သမီးတူလေးမှာ မွေးရာပါ အဲလိုမျိုးပါလာလို့ပါဆရာ။ ဘယ်ဘက်က နုတ်ခမ်း၊ သွားဖုံး၊ အာခေါင်တို့ မပါလာဘဲ ဟောင်းလောင်းအပေါက်ကြီး ဖြစ်နေပါတယ်။ အဲလိုမျိုးက ဘာကြောင့်ဖြစ်ရတာပါလဲဆရာ။ လူကောင်းပုံစံအတိုင်း ဖြစ်အောင် ဘယ်လို လုပ်သင့်သလဲဆိုတာ ကျေးဇူးပြု၍ ဖြေပေးပါဆရာ၊ သမီးရေးတာ အမှားပါရင် ခွင့်လွှတ်ပါဆရာ။ ကျေးဇူးတင်ပါတယ်။
နှုတ်ခမ်းကွဲနဲ့ အာခေါင်ကွဲ ဘာကြောင့်ဖြစ်သလည်း။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင် အကြောင်းခံတွေကြောင့် ဖြစ်တယ်။ အမေဖြစ်ဖြစ် အဖေဖြစ်ဖြစ်ဆီကနေ မျိုးဗီဇထဲမှာပါလာတယ်။ တချို့မှာ ကလေးကိုယ်၌က ပတ်ဝန်းကျင်အကြောင်းခံတွေနဲ့ ရောတွဲပြီး ဖြစ်တာလည်းရှိတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတွေကနေ ဖြစ်လာစေဘို့ အားပေးတာလည်းရှိတယ်။ ဆီးချိုရှိနေသူ၊ လူအဝလွန်သူမိခင်တွေကနေ မွေးတဲ့ကလေးတွေမှာ ပိုဖြစ်တယ်။ အများအားဖြင့် ဘာလို့လည်းဆိုတာ သက်သေမပြနိုင်ပါ။ Topiramate ဆေးနဲ့ Valproic acid ဆေးတွေကို ကိုယ်ဝန်ပထမ (၃) လမှာသောက်ရရင်လည်း အဖြစ်များစေတာ တွေ့ရတယ်။
မိသားစုရာဇဝင်ထဲမှာ တယောက်မကဖြစ်တတ်တယ်။ လူဖြူတွေမှာ အဖြစ်နည်းတယ်။ ယောက်ျားလေးတွေက နှုတ်ခမ်းကွဲတာ မိန်းကလေးတွေထက် ၂ ဆပိုဖြစ်တယ်။ မိန်းကလေးတွေက အာခေါင်ကွဲတာ ပိုဖြစ်တယ်။ ယူကေမှာ ခန့်မှန်းချေ ကလေး ၇ဝဝ မှာ ၁ ယောက်မှာ အဲလိုချို့ယွင်းချက်နဲ့မွေးလာတယ်။ ၁၉၉ဝ ကျော်တုံးက ဒီလို ကလေးပေါင်း ၇၆ဝဝ သေဆုံးရာကနေ ၂ဝ၁၃ မှာ ၃၃ဝဝ သာသေတယ်။ တဝက်နည်းပါး အာခေါင်ကွဲပါပါလာတယ်။ လေးပုံတပုံမှာ နှုတ်ခမ်းကွဲတယ်။ လေးပုံတပုံမှာ ၂ မျိုးလုံးကွဲတယ်။ တဖက်တည်းဖြစ်သူကပိုများတယ်။ နှုတ်ခမ်း + အာခါင် နှစ်ဖက်လုံးဖြစ်တာ ၁ဝ% ရှိတယ်။ ဘယ်ဖက်မှာဖြစ်တာက ညာဖက်ထက် ၂ ဆများတယ်။ ယူအက်စ်မှာ တနှစ်ကို ကလေးပေါင်း ၂၆၅ဝ ယောက်မှာ အာခေါင်ကွဲနဲ့မွေးလာကြတယ်။ ၄၄ဝဝ ယောက်မှာ နှုတ်ခမ်းကွဲ (အာခေါင်ပါတာရော မပါတာပါ) နဲ့ မွေးလာကြတယ်။ နောက်လေ့လာမှုတခုအရ နှုတ်ခမ်းကွဲမှာ ယောက်ျားလေးမှာ အများဆုံး။ အာခေါင်ကွဲမှာ မိန်းကလေးတွေအများဆုံး။ နှစ်မျိုးလုံးကွဲတာ ယောက်ျားလေးတွေ အများဆုံး။
ခွဲစိတ်ပြုပြင်နည်းလုပ်ရတယ်။ နှုတ်ခမ်းကွဲကို အသက် ၁-၄ လမှာလုပ်နိုင်တယ်။ အာခေါင်ကွဲတာကို အသက် ၅-၁၅ လမှာ လုပ်နိုင်တယ်။ နောက်ထပ်ဆက်လုပ်ရမယ့်ခွဲစိတ်မှုကို ၂ နှစ်ကနေ အပျို-လူပျိုပေါက်မှာ လုပ်သင့်တယ်။
နှုတ်ခမ်းကွဲနဲ့ အာခေါင်ကွဲခွဲစိတ်ပြုပြင်တာကို မြန်မာပြည်မှာလည်း ကောင်းကောင်းလုပ်ပေးပါတယ်။ ကုန်ကျတာတော့ မသိပါ။ တခါတလေ အိန္ဒိယနိုင်ငံက မဏိပူဆရာဝန်တွေနေ မုံရွာမှာ အခမဲ့လာလုပ်သေးတယ်။ ဆရာ့မိတ်ဆွေတွေပါ။
ခုခေတ်မှာ ခွဲစိတ်ကိရိယာတွေနဲ့ နည်းနာတွေ အများကြီးကောင်းလာနေပါပြီ။ ကျွန်တော်ဆရာဝန်ဖြစ်ကာစ တောနယ်မှာ တာဝန်ကျတုံးက ရှိတဲ့ပစ္စည်းနဲ့ တတ်တဲ့ပညာလေးနဲ့ နှုတ်ခမ်းထွဲများများနဲ့ အာခေါက်ကွဲနည်းနည်းကို ခွဲစိတ် ပြုပြင်ပေးခဲ့ရပါတယ်။ အဲလိုအသေးစိတ်မျိုးကို သဘောလောက်သာသင်ယူနိုင်ခဲ့တယ်။ ခွဲစိတ်ပညာစာအုပ်ကလည်း (မဆလ) ခေတ်မှာ ရှားလွန်းလှတယ်။ ဆေးမစားမီဓါတ်ပုံရိုက်ဖို့ဆိုတာ အဖြူ-အမည်းကင်မရာတောင်မှ ကိုယ်ပိုင်မရှိပါ။ အဲတာနဲ့ စက္ကူပေါ်မှာ ကလေးကွဲနေတဲ့ပုံဆွဲ။ ကိုယ့်အကြံနဲ့ကိုယ် မျဉ်းကြောင်းတွေဆွဲ။ ဂဲသြမေထရီသင်္ချာကိုလည်း လက်တွေ့ အသုံးချရတယ်။ မျဉ်းတွေကို (အေ)၊ (ဘီ)၊ (စီ)၊ (ဒီ) နာမည်တွေတပ်။ ကပ်ကြေးနဲ့ဖြတ်၊ ဘယ်မျဉ်းနဲ့ ဘယ်မျဉ်းကို ဆွဲတွဲချုပ်မလည်း ကြံဆရတယ်။ လက်ဝင်သလားမမေးနဲ့။ (ပလပ်စတစ် ဆာဂျရီ) ကို မသင်ခဲ့ရပေမယ် ဝါသနာပါတယ်။ မေ့ဆေးစက်မရှိလို့ ထုံဆေးနဲ့လုပ်ရတယ်။ ထုံဆေးထိုးလိုက်ရင် ဖေါင်းတက်လာမှာမို့ စကေးတွေ ပြောင်းတာကိုပါ ခေါင်းထဲထည့်ထားရတယ်။ အာခေါင်ကွဲတာကို မေ့ဆေးစက်နဲ့ မေ့ဆေးဆရာဝန်၊ ချွဲစုပ်စက်မရှိတဲ့ အရပ်မှာ ခွဲရတာ အလွန်မတန်လက်ဝင်တယ်။ ချွေးပြန်ရတယ်။ ခုခေတ်မှာ အတော်လွယ်တယ်။ ရလဒ်တွေတော ကောင်းပါတယ်။
ခုခေတ်ကလေးတွေ ကံကောင်းကြပါတယ်။ ကျွန်တော်တို့လိုဆရာဝန်မျိုးနဲ့ တွေ့စရာမလိုကြတော့ပါ။ ကံတရားဆိုတာ ဆန်းကြယ်တယ်။ မြန်မာပြည်သားတွေ ကံကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆
၂၉-၈-၂ဝ၁၇

Sunday, August 27, 2017

Drug Expiration Dates ဆေးတွေ ရက်လွန်နေရင်

၁။ ကလေးကိုတိုက်တဲ့ ပါရာစီတမောလ် အရည်ကဘယ်လောက်အထားခံလဲသိချင်လို့ပါဆရာ တိုက်ပြီးကျန်နေတဲ့ဟာကို ဆက်တိုက်လို့ရသလား ဆရာ ကျေးပြုပြီးဖြေပေးပါ ဆရာရှင့်
၂။ မင်္ဂလာပါဆရာ ကလေးသောက်ဆေး အရည်တွေဟာ ဗူးကိုတခါဖောက်ပြီးရင် ဘယ်နှရက်လောက်ထားနိုင်ပါသလဲ။ ကျမသူငယ်ချင်း ကလေးအမေတွေကတော့ တယောက်က ၇ရက် ၁ယောက်က ၁၄ ရက်နဲ့  ကလေးကိုတိုက်လို့မကုန်ရင် အကုန်လွင့်ပစ်ပါတယ်ရှင့် ကျမကတော့ တချို့ မကုန်တာလေးကို သိမ်းထားတတ်လို့  သူတို့ပြောမှ သတိထားမိတာပါ ဆရာ။ ဆရာ့ရဲ့အကြံပေးချက်ကို သိချင်ပါတယ်ရှင့် ဒါမှသိမ်းသင့်တာသိမ်း လွင့်ပစ်သင့်တာ လွတ်ပစ်လို့ရအောင်ပါရှင့်
၂။ မင်္ဂလာပါဆရာရှင့်။ ကျမသားလေးက ၁ဝ လခွဲပါဆရာ။ သားလေးအတွက် usa ထုတ်အားဆေးကို online ကမှာလိုက်တာ date က 1 ရက် 2 လမှာက ကုန်နေပါတယ်ရှင်။ အဲဒါတချို့ကတိုက်လို့ရတယ်။သက်တမ်းကုန်ပြီး ၆ လအသုံးပြုလို့ ရတယ်ပြောကြပါတယ်။ တချို့က သုံးလို့မရဘူးပြောပါတယ်ဆရာ။ poly-vi-sol အားဆေးပါဆရာ။ တိုက်လို့ရမရဖြေပေးပါအုံးဆရာ။ ခုဆေးကသက်တမ်းကုန်နေတာ ၃ ရက်ရှိပါပြီ။
၃။ ဆရာ ဒီအားဆေးက Date လွန်ရင် ဆိုးကျိုးတွေဖြစ်လားဆရာ။ ရွာကအမေအတွက် ည 8.30 ဆေးသွားဝယ်တာ Date ကပြင်ထားတယ်။ အိမ်ရောက်မှ သေချာကြည့်မိတာ ကျွန်တော်ဆေးဆိုင်ပြန်သွားတော့ ဆိုင်ကပိတ်သွားလို့ဆရာ။ လူကြုံက မနက်ပြန်မှာမို့ပါဆရာ။
၎။ Medicine ဆေးတွေကို ဘယ်လောက်ရက်ကျော်ရင် Expire လို့ သတ်မှတ်ပါသလဲ။ ရက်လွန်ဆေးရဲ့ Side Effect တွေကို ပြည့်စုံအောင် ရှင်းပြပေးပါ။
ဆေးတမျိုးနဲ့တမျိုး မတူပါ။ ဆေးမှုန့်ဆိုရင် ဖျော်ပြီး ရက်ကြာထားမလို့ မသင့်ပါ။ ဆေးရက်လွန်နေ့စွဲလည်း ကြည့်ရမယ်။ အများသုံးဆေးတွေထဲက အကိုက်အခဲအဖျားပျာက်ဆေး အက်စပရင်ကို ရက်လွန်သွားတာ သောက်မိရင် သေနိုင်တယ်လို့အထိ သတိပေးတာ မမှားပါ။ အကုန်လဲ မမှန်ပါ။ အမေရိကမှာ ၁၉၇၉ ခုနှစ်ကတည်းက ဆေးမှန်သမျှ သက်တမ်းကုန်မဲ့ ရက်စွဲ ပါကိုပါရမယ်လို့ ဥပဒေနဲ့ သတ်မှတ်ထားတယ်။ ဒီကြားထဲမှာ ဆေးထုတ်လုပ်သူကနေ ဆေးအာနိသင် နဲ့ စိတ်ချရမှုအတွက် အာမခံရမယ်။
၂ဝဝဝ ခုနှစ် မတ်လ ၂၉ ရက်ထုတ် Wall Street Journal မှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုတခုကို Laurie P. Cohen ကနေ ထုတ်ဖေါ်ရေးသားခဲ့တယ်။ အမေရိကန်စစ်တပ်ဟာ ဒေါ်လာ ၁ ဘီလျန်ဘိုးရှိတဲ့ ရက်စွဲလွန် ဆေးဝါးတွေ ရှိနေတာ ၂-၃ နှစ်တခါ ကြုံနေရတယ်။ ဒါကြောင့် FDA ကို စမ်းသပ်မှုတခုပြုစေခဲ့တယ်။ ဆေးအမယ်ပေါင်း ၁ဝဝ ကျော်ကို စမ်းသပ်တယ်။ OTC ဆေးဆိုင်ကောင်တာမှာ အလွယ်ဝယ်လို့ရတာတွေရော၊ ဆေးလက်မှတ်ပါမှ ဝယ်လို့ရတာတွေ ရောပါတယ်။ အဖြေကတော့ ၉ဝ% သောဆေးတွေဟာ ၁၅ နှစ်သက်တမ်းလွန်တာတောင် အာနိသင်ရှိသေးတာ တွေ့ရတယ်။
စမ်းသပ်မှု ဒါရိုက်တာဟောင်း Francis Flaherty ကနေပြောတာက ရက်စွဲလွန်တယ်ဆိုတာ ကြာရှည်သုံးမရဘူးလို့ ဆိုလိုတာ မဟုတ်ဘူးတဲ့။ ရက်စွဲဆိုတာ သိပ္ပံသဘောအရ ပြောရတာသာဖြစ်တယ်လို့ ပြောပါသေးတယ်။ ဆေးကောင်တာမှာ ၁ဝ နှစ်အထိထားနိုင်တဲ့ဆေးမျိုးဟာ ဆေးထုတ်လုပ်သူတွေအတွက် တွက်ခြေမကိုက်ဘူးမဟုတ်လား။
FDA က ဆေးရက်စွဲပညာရှင် Joel Davis ကပြောတက ချွင်းချက် လက်တဆုပ်စာ ရှိပါတယ်။ Nitroglycerin နှလုံး သွေးကြောကျဉ်း အတွက်ဆေး၊ Insulin ဆီးချိုထိုးဆေး နဲ့ Liquid Antibiotics ပဋိဇီဝဆေးရည်တချို့တွေ ဖြစ်တယ်။
Bayer AG ဆေးကုမ္ပဏီက Aspirin ဆေးကို သက်တမ်း ၂-၃ နှစ်ဘဲ သတ်မှတ်တယ်။ ဒါပေမဲ့ ကုမ္ပဏီဒုဥက္ကဋ္ဌ Chris Allen က ဒီလိုသတ်မှတ်ချက်ဟာ ရိုးစွဲအစဉ်အလာအရ ဖြစ်ပါတယ်။ ၄ နှစ်သက်တမ်းရှိတဲ့ Aspirin ကို စမ်းသပ်ကြည့်တာ ၁ဝဝ% ထိရောက်တာတွေ့ပါတယ်။ ဒါဖြင့်ရင် ဘာလို့ ၄ နှစ် မသတ်မှတ်ပါသလဲ။ ဆေးတွေကို ထုပ်ပိုးမှု အသစ်တွေ လုပ်ပါတယ်။ အစဉ်တိုးတက်ကောင်းမွန်နေစေရေးအစီအစဉ်အရ လုပ်တာပါ။ လုပ်တိုင်းလဲ စမ်းသပ်မှုလုပ်ရတယ်။ ခက်တာက ၄ နှစ်တခါထက် ပိုမလုပ်နိုင်ပါ။ ဒါ့ကြောင့် Aspirin ကို ၄ နှစ်ထက် ပိုကောင်းနေတယ်လို့ ရေးမဖြစ်တော့ပါ။
ဆေးအတော်များများက အဲလိုဖြစ်ပါတယ်။ Tetracycline တက်ထွာဆိုက်ကလင်းဆေးကို ချွင်းချက် မထားလို့မရပါ။ ရက်ကျော်လို့ လုံးဝမရပါ။ ဒါတောင် အငြင်းပွါးနေတာ ရှိပါသေးတယ်။ ရက်ကြာလေလေ ထိရောက်မှု နည်းလေးလေး ဖြစ်တာ သဘာဝပါ။ ဒါတောင် သူ့အစွမ်းက သတ်မှတ်ရက်နောက် ဆယ်စုနှစ်တွေ ကြာတာတောင် ရှိနေပါသေးတယ်။
ဆေးရက်လွန်နေ့စွဲတွေ တပ်တာဟာ ဆေးရောင်းသူတွေကနေ ဆေးတွေ ထပ်ဝယ်နေကြစေအောင် တမင်တကာ လုပ်ကြတဲ့ Marketing ploy ဈေးကွက်ဆင်လုံးလား။ ခင်ဗျားဆေးဘီရိုကို ဆေးဖြည့်တော့ သူတို့ ပိုက်ဆံအိပ်ကိုပါ ဖြည့်ပေးရာကျတယ် မဟုတ်ပါလား။
ဆေးဆိုတာ တကယ်ရက်လွန်သလား
၂ဝဝ၂ ခုနှစ်၊ စက်တင်္ဘာလထုတ် ဆေးဝါးစိတ်ပညာစာစောင်မှာ ရေးထားတာတခု ရှိပါတယ်။ ဆေးကုမ္ပဏီတွေက ကျွန်တော်တို့အပေါ် ရိုးသားပါရဲ့လားလို့ မေးထားတယ်။ ကျွန်တော့် ယောက္ခမ အလိုအရ ဒီရက်ကျော်ရင် ဒီဆေးကို မသုံးပါနဲ့ဆိုတာ အလကားပါဘဲ တဲ့။ ရက်လွန်တာ ၄ နှစ်ရှိနေတဲ့ Tylenol ပါရာစီတမောကိုသောက်ရင်း ပြောလိုက်တာပါ။ ဆေးသောက်ပြီး ကိုက်တာ ခဲတာတွေ သက်သာသွားတယ်လို့ဆိုတော့ ကျွန်တော်က ဒါဟာ ခင်ဗျားမှာ Placebo effect စိတ်ကနေကောင်းတယ်ထင်တာနေမှာပါ။
ဆေးသုတေသနတွေ လုပ်တိုင်း စမ်းသပ်တဲ့ဆေးကို လူအုပ်စုတခုကိုပေး၊ ကျန်တအုပ်စုကို တခြား ဆေးပေးတယ်။ တခြားဆေးဆိုတာ စိတ်ကိုလှည့်စားစေမဲ့သဘော ရှိတယ်။ ဒီလိုသတ္ကိကို Placebo လို့ ခေါ်တယ်။ လူနာက စိတ်သက်သာရာ ရတတ်တယ်။ ဆေးထိုးပေးမှ သက်သာမယ်လို့ ဆေးခန်း မလာခင်ကတည်းက စွဲမှတ်လာသူကို ဆေး တခုခုထိုးပေးရသလိုဘဲ။
စာရေးတဲ့သူက စိတ်မကျေနပ်တာနဲ့ ဆေးဝါးဗေဒဆိုင်ရာတွေကို ဆက်ပြီး သုတေသန လုပ်ပါသတဲ့။ ဥပဒေပြဌာန်းပြီး ဆေးရဲ့ သက်တမ်းကုန် ရက်စွဲ ရိုက်ပြီးမှ ရောင်းရမယ်ဆိုတဲ့ သဘောဟာ ဆေးထုတ်လုပ်သူတွေကနေ အဲဒီရက်အထိ ဆေးရဲ့ အာနိသင်အပြည့်အဝနဲ့ စိတ်ချရမှုကို အာမခံချက်ပေးရတဲ့ ရက်အပိုင်းအခြားသာဖြစ်တယ်။ ဆိုလိုတာက ဆေးကို အဲဒီကာလအထိသာ ကောင်းနေတယ်လို့ ပြောနေတာ မဟုတ်တာ သိလာတယ်။
ဒုတိအချက်ကတော့ ဆေးဝါးပညာရှင်တွေကလဲ ရက်ကျော်နေပေမဲ့ ဆေးဟာ စိတ်ချရသေးတယ်လို့ တသမတ်ထဲ ပြောကြတယ်။ ချွင်းချက်နဲနဲတော့ရှိပေမဲ့ အဲလိုဆေးသုံးစွဲလို့ ဘာမှ ဒုက္ခမဖြစ်ပါ။ မသေနိုင်ပါ။ ဥပမာ ရက်စွဲလွန်နေတဲ့ Tetracycline တက်ထွာဆိုက်ကလင်းကြောင့် ကျောက်ကပ်မှာ Renal tubular damage ရစေနိုင်တယ် ဆိုတာ ၁၉၆၃ တုံးက JAMA မှာ G. W. Frimpter နဲ့အဖွဲ့က ရေးထားတယ်။ ငြင်းဆိုချက်တွေတော့ ရှိပါတယ်။
တတိယအချက် ရက်စွဲကျော်တာနဲ့ ဆေးတွေဟာ အာနိသင်နည်းနည်းလာနိုင်တယ်။ ၅% ကနေ ၅ဝ% လို့ခန့်မှန်းတယ်။ ဒါပေမဲ့ ဆေး အတော်များများဟာ သက်တမ်း ၁ဝ နှစ်ကျော်နေတာတောင် မူလဆေးစွမ်း ရှိနေပါသေးတယ်။ ဒီတော့ ဒီလို စဉ်းစားသင့်တယ်။ အရေးကြီးတဲ့၊ အသက်ကယ်မဲ့ဆေးမျိုးဆိုရင် ဆေးသစ်ဝယ်ပါ။ ရောဂါလက္ခဏာ သက်သာရုံ လုပ်ပေးတဲ့ဆေးမျိုးဆိုရင် ဥပမာ ခေါင်းကိုက်ပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ရာသီလာတော့ နာတာသက်သာဆေးမျိုးဆိုရင် ပိုက်ဆံအပိုအကုန်ခံမနေပါနဲ့။
သူများတွေ ရေးတာထဲမှာ ကာကွယ်ဆေးတွေ၊ Insulin ကလွဲရင် ထိုးဆေးတွေ မပါတာ သတိထားမိပါတယ်။ ဆီးချိုအတွက် ထိုးဆေး အင်စူလင်ကလဲ အများသိ၊ အများသုံးလိုဖြစ်နေလို့ ပါတာဖြစ်ပါတယ်။ အထက်မှာ ကိုးကား ရေးသား တာတွေဟာ အိမ်သုံးဆေးတွေကိုသာ ဆိုလိုတယ်လို့တော့ သတိထားစေချင်ပါတယ်။ ထိုးဆေးတွေထဲမှာ သွေးပြန်ကြောထဲထိုးရတဲ့ IV Injections တွေ မပါပါ။ မေ့ဆေးတွေ၊ ထုံဆေးတွေ မပါပါ။
ဆေးရည်တွေဟာ ရက်ကြာကြာမခံပါ။ ကလေးတွေအတွက် ဆေးမှုံ့ပုလင်းတွေ ရှိတယ်။ ဆေးတိုက်ခါနီးမှာ ရေနဲ့ဖျော်ပြီး တိုက်ရတယ်။ ဖျော်ထားပြီးသားဆေးကို ကြာကြာထာလို့ မရတော့ပါ။ များသောအားဖြင့် ပဋိဇီဝဆေးတွေဖြစ်တယ်။ Amoxacillin, Ampicillin, Septrin စတာတွေ ဖြစ်တယ်။
ဆေးတွေကို အထားအသိုကလဲ အလွန်အရေးကြီးတယ်။ ရက်စွဲမကုန်သေးတာတောင် အထားမတတ်ရင် အစွမ်းမရှိတော့ဘူး ဖြစ်နိုင်တယ်။ အထားအသိုဆိုတာ အပူချိန်၊ အလင်းရောင်၊ စိုထိုင်းဆ စတာတွေ ပါတယ်။ ဆေးညွှန်းမှာ ပါတာကို သေခြာဖတ်ပြီး လိုက်နာရတယ်။ ဆေးပုလင်းကို အရောင်ရင်ရင့်၊ အညိုရောင်၊ အပြာရောင်မှာ ထည့်ရောင်းတာဆိုရင် သတိထားပေတော့ အလင်းရောင်ကို မခံနိုင်လို့ ဖြစ်တယ်။
ကလေးကာကွယ်ဆေးတွေကို အအေးခံစနစ် သံကြိုးကွင်းဆက်လို လုံးဝ အပြတ်အတောက်မရှိ ဆက်တိုက် ထားရ၊ သယ်ရ၊ ရောင်းရမယ်။ ဆေးထုတ်တဲ့ ကုမ္ပဏီရဲ့ဓါတ်ခွဲခန်းကနေ ကလေးရဲ့ တင်ပါး-လက်မောင်း-ပေါင်က ကြွက်သားထဲ ဝင်သွားတဲ့အထိ တနေရာကလေးမှ အပြတ်အတောက်မရှိ အေးနေစေရတယ်။
• ရက်စွဲလွန်ဆေးကို သုံးပါလို့တော့ မတိုက်တွန်းပါ။
• အခြေခံစည်းမျဉ်းက အသက်ကယ်ဆေး မဟုတ်တာကို ရက်လွန်ပေမဲ့ နှမြောတာ ရပါတယ်။
• ရက်စွဲလွန်ဆိုတာ ဆေးရောင်းသူတွေအတွက် မရောင်းနဲ့တော့လို့ ပြောချင်တာ ဖြစ်ပါတယ်။
• Expiration date ဆိုတာ ဖတ်လို့ရတယ်။ ဖတ်လို့မရတာတွေလဲ သတိထားပါလေ။
Drug Expiration Dates ဆေးတွေ ရက်လွန်နေရင် https://doctortintswe.blogspot.com/…/drug-expiration-dates.…
Dr. တင့်ဆွေ

Cortisone ကော်တီဇုန်းဆေး သတိနဲ့ပေး

၁။ ဆရာ မြန်မာနိုင်ငံတွင် အနောက်တိုင်းဆေးဝါးများကို အလွယ်တကူဝယ်၍ရနေသဖြင့် Dexamethasone နှင့် Prednisolone ကဲ့သို့သောဆေးများကို တွင်တွင်ကြီးသုံးစွဲနေကြပါသည်။ ထိုဆေးများကြောင့် ဒုက္ခရောက်သူပေါင်း မနည်းလှပါ။ ထို့ကြောင့် ထိုဆေးများ၏ဆိုးကျိုးကိုဗဟုသုတအဖြစ်ရေးပေးစေခြင်ပါသည်ဆရာ။
၂။ ဆရာရှင့် ကျမအသက်က ၂၉ နစ်ပါ။ သူနာပြုဆရာမတယောက်ပါ။ dexamethazone tablet ကိုလူတော်တော်များများ ထမင်းစားရေသောက် လွယ်လွယ်ကူကူသုံးနေကြပါသည်။ dexamethazone နင့်ပတ်သတ်၍ ပြည့်ပြည့်စုံစုံသိချင်၍ ဖြေကြားပေးပါရှင့်။ လေးစားစွာဖြင့်။
၃။ Steroid ဆေးရဲ့ဆိုးကျိုးတွေကို ရှင်းပြပေးပါဆရာ။ limit dose နဲ့ long time usage လေး သိလိုပါတတယ်ဆရာ။ ကျေးဇူးပြု၍ ရိုသေစွာဖြင့်။
၎။ Steroid ဆေးကို ပန်းနာရင်ကျပ်ဖြစ်လို့ ဆရာဝန်က ထိုးပေးနေပါတယ်။ ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုး သိပါရစေဆရာရှင့်။
၅။ Hydrocortisone tablets ဘာအတွက်၊ ဘာရောဂါအတွက်ပေးတာလည်းဆရာ။ လွန်ခဲ့တဲ့ နှစ်၂ဝ ကျော်လောက်က dexamethasone သောက်ဘူးထားတယ်။ အနှစ် ၂ဝ လောက်သောက်ထားမိတယ်။ လွန်ခဲ့တဲ့ နှစ်လကျော်လောက် ကလည်း prednisone ပေးသောက်ခိုင်းတယ်။ ကျမကို တကြိမ်တခါလောက ဖုန်းဆက်ခွင့်ပြုပါ။ အဆက်အသွယ်ပြုလို့ ရမဲ့နံပါတ်ကလေး။
လူတွေမှာ ပိုးဝင်တာ။ ထိခိုက်မိတာ၊ ခွဲစိတ်တာ တခုခုဖြစ်ရင် ရောင်ရမ်းဖြစ်စဉ် ဆက်ဖြစ်လာတယ်။ အဲလိုဖြစ်လာချိန်မှာ ကိုယ်ကနေ ဓါတ်တွေထွက်လာမယ်။ အဲဒီဓါတ်တွေ ထွက်မလာစေအောင် ပေးတဲ့ဆေးကို စတီရွိုက်နဲ့ ကော်တီဇုန်းလည်း ခေါ်တယ်။
Hydrocortisone ဟိုက်ဒရိုကော်တီဇုံးဆိုတာ စတီရွိုက်ဆေးဖြစ်တယ်။ သိပ်အစွမ်းထက်ပြီး သိပ်သတိထား သုံးရတာမျိုး။ ခက်တာက ဆေးလက်မှတ်မပါဘဲ ဝယ်လို့ရတယ်။ အရေပြားမှာ ယားယံတာ၊ နှင်းကူနာ၊ အကောင် ကိုက်တာ၊ တခုခုနဲ့ မတည့်တာ၊ စအိုယားတာ၊ ခေါင်းယားတာ၊ စတာတွေအတွက် Hydrocortisone 0.5% or 1% ဆေးတွေ ဝယ်လို့ လွယ်တယ်။ တနေ့ ၁-၄ ကြိမ်သုံးရတယ်။ လိမ်းဆေးညှစ်ဘူး၊ ခရင်မ်၊ လိမ်းဆေးရည်၊ အရည်၊ ဂျဲလ်၊ စပရေး၊ အမြှုပ်၊ စအိုထဲထည့်ဆေး၊ ပါးစပ်ထဲထည့်ဆေး၊ ပုံစံအမျိုးမျိုးနဲ့လာတယ်။ ဆေးနာမယ်တွေကလဲ အမျိုးမျိုး။ ဒီဆေးကို ဆရာဝန် မညွှန်ဘဲ မသုံးသင့်ဘူး။ ဆေးကို များရာနေ တဖြည်းဖြည်ချင်းလျှော့ရတယ်။ တုံးတိမရပ်ရပါ။
သုံးနိုင်တဲ့ရောဂါစာရင်းက အရှည်ကြီးရှိတယ်။
1. Endocrine Disorders (အင်ဒိုခရိုင်း) ခေါ် ဟော်မုန်းရောဂါများ
2. Rheumatic Disorders (ရုမက်တစ်) ရောဂါများ
3. Collagen Diseases (ကိုလာဂျင်) ရောဂါများ
4. Dermatologic Diseases အရေပြားရောဂါများ
5. Allergic States (အလာဂျီ) ရောဂါများ
6. Ophthalmic Diseases မျက်စိရောဂါများ
7. Respiratory Diseases အသက်ရှူလမ်းကြောင်းရောဂါများ
8. Hematologic Disorders သွေးရောဂါများ
9. Neoplastic Diseases ကင်ဆာရောဂါများ
10. Edematous States ကိုယ်ရောင်ရောဂါများ
11. Gastrointestinal Diseases အစလမ်းရောဂါများ
12. Miscellaneous အခြားရောဂါများ
သတိထားပေးရမယ့်ရောဂါတွေလည်းရှိတယ်။
1. Cirrhosis အသည်းခြောက်၊
2. Kidney disease ကျောက်ကပ်ရောဂါ၊
3. Thyroid disorder လည်ပင်းကြီးရောဂါ၊
4. Diabetes ဆီးချို၊
5. Malaria ငှက်ဖျားဖြစ်ဘူးသူ၊
6. Tuberculosis တီဘီ၊
7. Osteoporosis အရိုးပါးရောဂါ၊
8. Myasthenia gravis ကြွက်သားအားနည်ရောဂါ၊
9. Glaucoma or Cataracts မျက်စိရေတိမ် + အတွင်းတိမ်၊
10. Herpes infection of the eyes မျက်စိ ရေယုံ၊
11. Stomach ulcers, ulcerative colitis, or diverticulitis အာလမ်းရောဂါတွေ၊
12. Depression or mental illness စိတ်ကျရောဂါ၊
13. Congestive heart failure နှလုံးအလုပ်မလုပ်ခြင်း၊
14. High blood pressure သွေးတိုးရောဂါရှိနေသူတွေကို အထူးသတိထားပေးရမယ်။
ဘေးထွက်ဆိုးကျိုးတွေ တလှေကြီးရှိတယ်။ အရေပြား ခြောက်ကွဲတယ်၊ ပါးတယ်။ ဝက်ခြံထွက်၊ ယားယံ၊ ပူလောင်၊ အရောင်ပြောင်း၊ အမွှေးပေါက်တာပိုများ၊ သွေးခြည်ဥမယ်။ အစာမကျေ၊ ဗိုက်အောင့်၊ ခေါင်းမူး၊ ပျို့-အန်၊ အိပ်ရေးပျက်၊ စိတ်ကျ၊ ရာသီထိန်နိုင်တယ်။ အသက်ရှူခက်၊ ရင်ကျပ်၊ အနာကျက်နှေး၊ ချွေးထွက်များ၊ ခေါင်းကိုက်၊ မျက်နှာ၊ လက်မောင်း၊ ခြေထောက်၊ လည်ပင်း၊ ရင်သားဖေါင်းပြည့်၊ ဒါကြောင့် ဝလာ၊ ရောင်လာ၊ ဖေါလာစေမယ်။ အလေးချိန်တိုးမယ်။
ဒီဆေးကို မတည့်သူတွေနဲ့ ဖန်းဂတ်စ် မှို ရောဂါရနေချိန်မှာ ဒီဆေးမျိုး မသုံးရပါ။ ကာကွယ်ဆေးအမျိုးအစားထဲက ရောဂါပိုးအရှင်ကိုသုံးတာမျိုး ထိုးချိန်မှာလဲ ဒီဆေးမျိုးမပေးရပါ။ ကာကွယ်ဆေး အာနိသင်နည်းစေမယ်။ Measles, Mumps, Rubella (MMR), Bacillus Calmette-Guérin (BCG), Oral Polio, Rotavirus, Smallpox, Typhoid, Yellow fever, Varicella (Chickenpox), H1N1 influenza နဲ့ Nasal flu vaccine ကာကွယ်ဆေးတွေ ဖြစ်တယ်။ ခုခံအားစနစ်ကို ယာယီအားနည်းစေတယ်။ ဒါကြောင့် ဒီအချိန်မျိုးမှာ ကူးစက်ရောဂါတွေ ဝင်လွယ်စေမယ်။ ရှိနေတဲ့ကူးစက်ရောဂါကို ပိုဆိုးစေနိုင်သေးတယ်။
ကော်တီဇုန်းဆေး ကိုယ်ဝန်ဆောင်နေတုံးပေးရရင် အထဲကကလေးကို ထိခိုက်မလားဆိုတာ မသေချာပါ။ မိခင်နို့ထဲ ပါနေနိုင်တယ်။ ကလေးဖွံ့ထွားမှုကို သက်ရောက်နိုင်တယ်။ Pregnancy and Prednisolone ကိုယ်ဝန်နှင့် ပရက်နဆိုလုံးကို ဖတ်နိုင်ပါတယ်။
ကော်တီဇုန်းဆေးတွေက ဓါတ်ပြုနိုင်လို့ ဆေးတွဲပေးရာမှာ သတိထားရမယ်။ အက်စပရင်၊ ဆီးသွားစေတဲ့ဆေး၊ Warfarin သွေးကျဲဆေး၊ Cyclosporine (Gengraf, Neoral, Sandimmune) ခုခံအားအတွက်ဆေး၊ ဆီးချိုဆေးများ၊ Ketoconazole (Nizoral) ဖန်းဂတ်စ်အတွက်ဆေး၊ Rifampin (Rifadin, Rifater, Rifamate, Rimactane) တီဘီဆေးများ၊ Phenytoin (Dilantin) or Phenobarbital (Luminal, Solfoton) အတက်သက်သာဆေးများ။
ဆေးအလေးချိန်နဲ့ တရက်မှာ ဘယ်လောက်သောက်ပြီး၊ ဘယ်လောက်ကြာကြာ သောက်ရမယ်ဆိုတာ ဒီဆေးအတွက် အလွန်အရေးကြီးတယ်။ ဒီဆေးပေးနေသူတိုင်း ဆေးကို ချက်ချင်းရပ်မပြစ်ရပါ။ ဆရာဝန်တွေ အတော်စိတ်ညစ်ရတယ်။ နားမထောင်တဲ့ လူနာတွေ မကြာမကြာတွေ့ရတယ်။ အရက်နဲ့လဲ တွဲမသောက်သင့်ပါ။
Dexamethasone ဒက်ဆာမီသဇုန်းဟာ Glucocorticoids ဆေးအုပ်စုဝင်တခုဖြစ်တယ်။ Steroid hormone ဆိုတာက ကော်တီဇုန်းဖြစ်တယ်။ လူကိုယ်ထဲမှာရှိတယ်။ ဓါတ်ခွဲခန်းမှာထုတ်တဲ့ Synthetic steroid hormones တွေကတော့
• Glucocorticoids: Alclometasone, Prednisone, Dexamethasone, Triamcinolone
• Mineralocorticoid: Fludrocortisone
• Vitamin D: Dihydrotachysterol
• Androgens: Apoptone, Oxandrolone, Oxabolone, Testosterone, Nandrolone (Anabolic steroids)
• Oestrogens: Diethylstilbestrol (DES)
• Progestins: Danazol, Norethindrone, Medroxyprogesterone acetate, 17-Hydroxyprogesterone caproate
ဆေးက ချက်ချင်းဆိုသလို ထိရောက်တယ်။ ဘေးထွက်သက်ရောက်မှုတွေရှိပေမဲ့ သုံးသင့်သူကို ပေးရတယ်။ စားဆေး၊ ထိုးဆေး၊ မျက်စဉ်း၊ နှာခေါင်ထဲထည့်ဆေး၊ အဆစ်ထဲထိုးဆေး စတာတွေ အမျိုးမျိုးရှိတယ်။ အလာဂျီ ခေါ် တခုတခုနဲ့ မတည့်တာ၊ ရှော့ဖြစ်တာတွေမှာ အရေးပေါ်နဲ့ အသက်ကယ်ဆေးလိုသုံးရတယ်။ နာတာရှည်ဖြစ်တာတွေမှာ ပေးရတယ်။
မှိုရောဂါရှိနေစဉ်မှာ ဒီဆေးမသုံးရပါ။ ကျောက်ကပ်၊ အူ၊ နှလုံးရောဂါရှိနေသူ၊ ဆီးချို၊ လည်ပင်းကြီး၊ သွေးတိုး၊ ရေယုံ၊ တီဘီရောဂါရှိနေသူတွေ ဒီဆေးသုံဘို့ အထူးသတိထားရမယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်လဲ သတိပြုပါ။ ဒီဆေးက အရက်နဲ့မသင့်ပါ။ ဆေးပေးထားသူတွေကို ဆားလျှော့စားဘို့၊ ပရိုတင်း နဲ့ ပိုတက်စီယမ် များများစားဘို့ ဆရာဝန်က ညွှန်ကြားမယ်။
Steroid injections (စတီရွိုက်) ထိုးဆေး http://doctortintswe.blogspot.com/…/10/steroid-injections.h…
ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၇

Comment

Saturday, August 26, 2017

Thick Blood သွေးပျစ်ခြင်း

ဆရာခင်ဗျား ကျွန်တော်က အသက် (၂၉) နှစ် လူပျိုပါ။ အခု ကျွန်တော် ကိုယ်လက်လှုပ်ရှားမှုနည်းနည်းလေးများသည်နှင့် ရုတ်တရတ် မောပြီး နှလုံးခုန်မြန်ပါသည်။ ဘယ်ဘက်ရင်အုံအောက်ဘက်မှလည်း ပူအောင့်ပါသည်။ ဖြစ်တာက တနှစ်ကျော်လောက်ပေမယ့် အခုတလောတွင်မှ ပိုဆိုးလာပါသည်။ ယခင် ဆေးခန်းပြဖူးစဉ် ဆရာဝန်မှ သွေးပျစ်သည်ဟု ဆိုကာ သွေးနှစ်ကြိမ် ဖေါက်ဖူးပါသည်။ ကျွန်တော်ခံစားရသော ဝေဒနာသည် နှလုံးရောဂါလား သိချင်ပါတယ်ခင်ဗျာ။ ဆေးကုသမှုခံယူရင်ရော ပျောက်ကင်းနိုင်ပါသလား ခင်ဗျာ။ ဆောင်ရန်၊ ရှောင်ရန်တို့အားလည်း သိလိုပါသည်ခင်ဗျာ။
သွေးပျစ်ရောဂါကို Hypercoagulability လို့လည်းခေါ်တယ်။ Antiphospholipids လို့လည်းခေါ်တယ်။ Hughes Syndrome လို့လည်းခေါ်တယ်။ သွေးပျစ်နေရင် သွေးခဲစနစ်ကိုထိခိုက်စေတယ်။ အောက်စီဂျင် သယ်ယူပို့ဆောင်ကိုလည်း ထိခိုက်စေတယ်။ အာဟာရဓါတ်တွေနဲ့ ဟော်မုန်းတွေသယ်ပို့တာကိုလည်း ထိခိုက်စေတယ်။ အဲတာကြောင့် ရေရှည်မှာ အာဟာရနဲ့ ဟော်မုန်းမညီမျှမှုတွေဖြစ်လာစေနိုင်တယ်။ ဆောရီး။ Thrombin ဆိုတာသွေးခံစနစ်မှာအဓါကကျတယ်။
ဘာတွေခံစားရမလဲ
သွေးထုတ်ယူကြည့်ရင် အမြင်အရပျစ်နေမယ်။ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်တာ နှေးနေမယ်။ အာဟာရနဲ့ ဟော်မုန်း နည်းနေတာတာဖြစ်မယ်။ အမျိုးသမီးဆိုရင် ကိုယ်ဝန်အလိုလိုပျက်တာတွေဖြစ်နိုင်တယ်။ Chronic Fatigue Syndrome နာတာရှည်အားနည်းခြင်း၊ မှိုပိုးဝင်ခြင်းနဲ့ Irritable Bowel Syndrome ခေါ် ဝမ်းမငြိမ်တာတွေဖြစ်တတ်တယ်။
ကူးစက်ရောဂါပိုးတွေဝင်ခံရရင် ခုခံတိုက်ဖျက်မှု အားနည်းမယ်။ နှလုံးကဝန်ပိုလုပ်ပေးနေရမယ်။ နှလုံးအတက်ရတာနဲ့ ဆထုပ်ခေါ် လေဖြတ်တာဟာ ကိုလက်စထော ခေါ် မသင့်တဲ့အဆီဓါတ်ကြောင့်ထက် သွေးပျစ်လို့ဖြစ်တာကပိုတယ်။
ဘာလို့ဖြစ်သလဲ
အသားဖြူလူမျိုးတွေမှာ အသားမည်းတွေထက်ပိုဖြစ်တယ်။ မျိုဗီဇချု့ယွင်းချက်ရှိတယ်။ ရောဂါပိုးတွေကနေ ဖြစ်စေသလား စဉ်းစားရတယ်။ Soluble fibrin monomer (SFM) ခေါ် သွေးခဲစေတဲ့ဓါတ်ဆိုတာ သွေးကြောခေးတွေမှာရှိတယ်။ အလေးစားသတ္တု အဆိပ်သင့်ရင် အဲတာနည်းနေမယ်။ စိတ်ဖိအားများတာကြောင့်လည်းဖြစ်သလား စဉ်းစားရတယ်။
ကိုယ်တိုင်ပြုပြင်နေထိုင်နည်း
ဗီတာမင်တွေနဲ့ ဓါတ်ဆားအားဆေးသောက်သင့်တယ်။ မက်ဂနီဆီယမ်အားဆေးသောက်သင့်တယ်။ ဗီတာမင်စီနဲ့ ဘီ-၁၂ လည်းပေးတယ်။ အိုမီဂါသရီးလည်းပေးတယ်။ Flaxseed ခေါ်နှမ်းတမျိုးသင့်တယ်။ Saturated fats ခေါ် ပြည့်ဝဆီ သင့်တယ်။ စားအုန်းဆီမှာပါတယ်။ ဆန်လုံးညိုသင့်တယ်။ ပန်းသီးသင့်တယ်။ မသင့်တဲ့ အစားအသောက်တွေရှိတယ်။ သကြား၊ ဒိန်ခဲ။ ကေဖင်း များခြင်း။ ကာဗွန်ထည့်အရည်များ။ တည်ချဉ်များ။ ဟင်းချိုမှုန့်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ ကောင်းတယ်။ ရေ-အရည်များများသောက်ပါ။ Salicylates ဆေးမသင့်ပါ။
သွေးကျဲဆေးတွေပေးတယ်။ Heparin ဟက်ပရင်၊ Warfarin ဝါဖရင်နဲ့ Aspirin အက်စပရင်။
1. Hemoglobin E ဟီမိုဂလိုဗင် (အီး) http://doctortintswe.blogspot.com/2017/05/hemoglobin-e.html
2. High hemoglobin သွေးအားများရောဂါ http://doctortintswe.blogspot.com/2014/12/hgb.html
3. High platelets သွေးမှုံများနေခြင်း http://doctortintswe.blogspot.com/2016/…/high-platelets.html
4. Polycythemia သွေးနီဥများခြင်း http://doctortintswe.blogspot.com/2016/03/polycythemia.html
5. Purple mangosteen မင်းဂွတ်သီးဆေး http://doctortintswe.blogspot.com/…/…/purple-mangosteen.html
ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၇

Thursday, August 24, 2017

Rhinitis နှာခေါင်းရောဂါ

သမီး ၃၂ ပါ။ နှာခေါင်းထိပ်မှာ ယားလာပြီး နှာချေ နာပိတ်တာ ၁၀ ရက်လောက်ရှိပါပြီ။ ဒီကိုဂျင်သောက်တာလဲ မသက်သာပါဘူးဆရာ။ ဖြစ်ရတဲ့အကြောင်း သက်သာအောင် ဘယ်လိုနေရမလဲဆရာ။ သမီး အမလဲ အဲလိုဖြစ်တာ ကြာနေပြီဆရာ။ နှာချေတာနဲ့ ရောဂါကူးတတ်လား ဖြေကြားပေးပါဆရာ။ ညီမ နှစ်ယောက်လုံး အိမ်ထောင်မရှိပါဘူး ဆရာ။ ကျေးဇူးပါ ဆရာ။ ထိပ်ကပ်နာဖြစ်တော့တာလား ဆရာ။
Rhinitis ဆိုတာ နှာခေါင်းရောဂါတခုပါ။ နှာခေါင်းထဲက အရာတွေရောင်တာ။ နှာရည်ယိုတာကနေစသိရတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မသင့်တာတခုခုကြောင့် ရက်တို ဒါမှမဟုတ် နာတာရှည်ဖြစ်တယ်။ နှာခေါင်းထဲက နှာရည်-နှပ်တွေ ပိုထွက်လာတယ်။ နှာခေါင်းနေရာတခုတည်းမဟုတ်ဘဲ လည်ချောင်း၊ မျက်စိတွေမှာပါ သက်ရောက်စေတယ်။ အအိပ်ပျက်တာ၊ နားဖြစ်တာတွေ ဆက်ဖြစ်လာနိုင်တယ်။
(၁) ဗက်တီးရီးယား-ဗိုင်းရပ်စ် ဝင်လို ရက်တိုနဲ့ ရက်ရှည်ရောင်တာ၊
(၂) Vasomotor rhinitis အလာဂျီ-မဟုတ်တာ၊ ဆေး၊ ဟော်မုန်း၊ ရောဂါပြီးစနစ်၊ အဖုံးလွှာခြောက်သွေ့လို့၊ အစား-အရက်မတည့်လို့၊ ဒီရောဂါဆေးသုံးတာ သိပ်ကြာရာကနေဖြစ်တာ၊
(၃) Allergic rhinitis (အလာဂျီ) ကြောင့်ဖြစ်တာ၊ ပန်းဝတ်မှုံ၊ ဖုံ၊ မှို၊ မြက်၊ တိရစ္ဆာန်၊ ပိုးဟပ်၊ စတာတွေနဲ့ မတည့်လို့။
ဆေးကုရာမှာ ဘာလို့ဖြစ်တယ်ဆိုတာကို ရှာရ-သိရ-ကုရမယ်။ ဆေးတွေ အများဆုံးက ရောဂါလက္ခဏာ သက်သာစေဘို့ ဖြစ်တယ်။
Rhinitis နှာခေါင်းရောဂါ အတွက် ပေးလေ့ရှိတဲ့ ဆေးတွေကတော့ -
• ပဌမ-မျိုးဆက် Antihistamine (အင်တီ-ဟစ်တမင်း) ဖြစ်တဲ့ Brompheniramine (dimetane) 4mg ဆေးကို ၄-၆ နာရီတခါ။ Clemestine (travegyl) 0.5mg q ဆေးကို ၁၂ နာရီတခါ။ Diphenhydramine (benadryl) 25-50mg ဆေးကို ၄-၅ နာရီတခါ။
• ဒုတိယမျိုးဆက် (အင်တီ-ဟစ်တမင်း) ဖြစ်တဲ့ cetirizine(zyrtec) 10 mg တနေ့ ၁ ခါ။ Loratadine (Clarityne) 10 mg တနေ့ ၁ ခါ။ Fexofenaline (Telfast) 60mg တနေ့ ၂ ခါ (သို့) 120 mg တနေ့ ၁ ခါ။
• ပါးစပ်ကသောက်ရတဲ့ (အင်တီ-ဟစ်တမင်း) နဲ့ နှာရည်ယို သက်သာဆေး တွဲထားတဲ့ဆေးတွေ ဖြစ်တဲ့ Pseudoephedrine (Maxiphed) 30-60 mg ၄-၆ နာရီ ၁ ခါ။ Tripolidine/Pseudoephedine (Actifed) တနေ့ ၃ ခါ။ oratadine/Pseudoephedine (Clarinase) တနေ့ ၁-၂ ခါ။
• နှာခေါင်းထဲထည့် နှာရည်ယိုသက်သာဆေးတွေ ဖြစ်တဲ့ Oxymetazoline (Afrin, Sinarest) ၁-၂ စက်၊ ၄ နာရီတကြိမ်။ Tymazoline (Pernazine) ၂-၃ ခါထည့်၊ ၄ နာရီတခါ။
• နှာခေါင်းထဲထည့်ရတဲ့ (အင်တီ-ဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Azelastine (Azep) ၂ ခါပန်း၊ တနေ့ ၂ ခါ။ နဲ့ Levocabastine (Livostin) ၂ ခါပန်း၊ တနေ့ ၂ ခါ။
• နှာခေါင်းထဲထည့်ရတဲ့ corticosteroids စတီရွိုက်ဆေးတွေဖြစ်တဲ့ Beclomethasone aqueous (Beconase AQ) ၁-၂ ခါပန်း၊ ၂-၄ ကြိမ်။ Busesonide aqueous (Rhinocorts) 2-4 sprays each nostril 1-2 times, Fluticasone aqueous (Flixonase) 1-2 spray each nostril od, Triamcinolone aqueous (Nasacort, Nasacort aq) 2 sprays each nostril od နဲ့ Mometasome aqueous (Nasonex) 2 sprays each nostril od
• Mast cell stabilizers (မတ်စ်-ဆဲလ်) တည်ငြိမ်ဆေး Cromolyns sodium 1 spray each nostril 2-6 time/day
• Anticholinergic (အင်တီ-ကိုလင်နားဂျစ်) ဆေး Ipratropium bromide (Atrovent) (0.03%) 2 sprays each nostril 2-3/day
• Mucocin® = Bromhexine HCl ဆေးကတော့ (အလာဂျီ) အတွက်ဆေးဖြစ်တယ်။
အိမ်မှာကိုယ်တိုင်ဆင်ခြင်နည်း
ကိုယ်နဲ့မတည့်တာတွေကနေ ရှောင်ပါ။ ရာသီဥတုအလိုက် ရှောင်စရာတွေကို ရှောင်ပါ။ မတည့်တာတွေ များနိုင်တဲ့ လူစုဝေးရာကို ရှောင်ပါ။ မတည့်တာတွေ ကင်းရှင်းတဲ့ပါတ်ဝန်းကျင်ကို ဖန်တီးပါ။ အိပ်ယာခင်း၊ ခေါးင်းအုံးစွပ်အသစ်သုံးပါ။ လျှော်ဖွပ်ပါ။
Allergic Rhinitis အလာဂျီ နှာခေါင်း http://doctortintswe.blogspot.com/…/…/allergic-rhinitis.html
ဒေါက်တာတင့်ဆွေ

Fatty Liver Disease အသည်းအဆီဖုံးခြင်း

အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။
၁။ မင်္ဂလာပါဆရာ။ကျွန်မ အသက် ၂၇ နှစ်ပါဆရာ။ဆရာ ဘီပိုးအကြောင်းတင်ထားတာတွေ့ရပါတယ်ဆရာ။ကျွန်မမှာလဲ ဘီပိုးရှိနေတယ်ဆရာ။ သိတာတော့ကြာပါပြီဆရာ။ ငယ်ရွယ်တဲ့အရွယ်ကတည်းက သိတာပါဆရာ။ လွန်ခဲ့တဲ့ခြောက်လ လောက်က ကျွန်မ အစာအိမ်ဖြစ်ပြီးဗိုက်နာ လို့ဆရာဝန်ကိုသွားပြပါတယ်ဆရာ။ ဆရာဝန်က အန်ထွာစောင်းရိုက် ခိုင်းလို့သွားရိုက်တယ်ဆရာ။ အကုန် ရိုက်ကြည့်တော့ ဆရာဝန်က အသဲ အဆီဖုံးအစပြုနေတယ် ကျန်တာဘာမှ မဖြစ်ဘူးလို့ပြောတယ်ဆရာ။ အသဲအဆီဖုံး အရမ်းမဖြစ်အောင် ဘာဆေးသောက်ရမလဲ ဘာတွေရှောင်ရမလဲဆရာ။ နောင်အရမ်းဖြစ် မှာစိုးရိမ်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။
၂။ ဆရာရှင့် ကျမဆရာရဲ့ အသက်မှာ ၅၉ ဖြစ်ပြီး ငယ်ငယ်က ဆေးလိပ် ကွမ်း စွဲခဲ့ပေမယ့် ယခု အားလုံး ဖြတ်နိုင်ခဲ့ပါပြီ။ အိမ်ထောင်ရှိပါသည်။ အနည်းငယ်မောသဖြင့် ဆေးစစ်ခဲ့ရာ အသည်းအဆီဖုံးနေတယ်လို့ သိခဲ့ရပါသည်။ ယခု ဗိုက်အခြေအနေမှာ သာမန်ထက် ပိုပူလာခဲ့ပါသည်။ ထို့ကြောင့် အသည်းအဆီဖုန်းသည့်ရောဂါ အတွက် ဆောင်ရန် ရှောင်ရန်များအား ရှင်းလင်းဖြေကြား ပေးစေချင်ပါသည်။
အသည်းအဆီဖုံးခြင်းကို Hepatic Steatosis လို့လည်းခေါ်တယ်။ အသည်းအဆီဖုံးရောဂါသည် အရေအတွက်ဟာ လူအားလုံးပေါင်းရဲ့ ၁ဝ-၂၄% ရှိတယ်။ အဝလွန်သူတွေထဲမှာ ၇၅% က ဒီလိုဖြစ်နေမယ်။ အရက်မသောက်သူတွေက ၃၅% ရှိတယ်။ အသည်းမှာအဆီလာဖုံးနေတဲ့ရောဂါ ကလေး-လူကြီး၊ ယောက်ျား-မိန်းမအားလုံးမှာ ဖြစ်နိုင်တယ်။ အသည်းမှာအဆီတွေ လိုတာထက် ပိုစုဝေးလာရင် အသည်း (ဆဲလ်) တွေဟာ နေရာဖယ်ပေးလိုက်ရမယ်၊ သူတို့လုပ်ရမဲ့ အဆိပ်အတောက် ဖယ်ရှားရေးကို အရင်လိုမလုပ်နိုင်တာ ဖြစ်လာတယ်။
(ဖက်တီး-လစ်ဗာ) ဘာလို့ဖြစ်သလဲ၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ ရောဂါဗေဒအရပြောရရင် ကိုယ်ထဲက တခြားနေရာတွေက အဆီတွေ အသည်းမှာလာစုနေလို့၊ အူထဲကအဆီကိုအသည်းကနေများများစုပ်ယူလို့၊ အသည်းကနေ အဆီကို ချေဖျက်တာ သိပ်မလုပ်နိုင်လို့။ ဒါပေမဲ့ အဆီများများစားတိုင်း အသည်းမှာအဲလိုအဆီမများစေပါ။
ဘာလို့ဖြစ်ရသလဲ
အရက်၊ အဝလွန်တာ၊ အစာငတ်ခံတာ၊ ဆီးချို၊ (စတီရွိုက်ဆေး)၊ Carbon tetrachloride နဲ့ Yellow phosphorus အဆိပ်သင့်ခြင်း၊ Cushing's syndrome ရောဂါ နဲ့ Hyperlipidemia သွေးထဲမှာအဆီများရောဂါတွေကနေ ဖြစ်လာစေနိုင်တယ်။ Microvesicular fatty liver ဆိုတဲ့ အသည်းအဆီများနေတာမျိုးကတော့ Valproic acid နဲ့ မသင့်တာ၊ (တက်ထွာဆိုက်ကလင်း) ဆေးများတာ၊ ရက်လွန်တာနဲ့ ကိုယ်ဝန်ဆောင်တာတွေကနေ ဖြစ်စေနိုင်တယ်။
Amiodarone, Methotrexate, Diltiazem, Highly active antiretroviral therapy, Glucocorticoids, Tamoxifen, Phosphorus, Mushroom poisoning ဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ Inflammatory bowel disease, HIV, Hepatitis C (genotype 3), Alpha 1-antitrypsin deficiency ရောဂါတွေနဲ့လဲဆက်ဖြစ်နိုင်တယ်။
အရက်နဲ့ ဆက်ဖြစ်တာကို Alcoholic steatosis ခေါ်တယ်။ အရက်မဟုတ်တာကို Non-alcoholic fatty liver disease ခေါ်တယ်။ အရက်ကနေဖြစ်စေတဲ့ ပိုဆိုးတာကို Alcoholic steatohepatitisနဲ့ Non-alcoholic steatohepatitisလို့ ခေါ်တယ်။ အရက်ကြောင့် မဟုတ်တာဟာ Metabolic syndrome ခေါ်ပြီး Diabetes ဆီးချို၊ Hypertension သွေးတိုး၊ Obesity အဝလွန်ခြင်းနဲ့ Dyslipidemia သွေးထဲအဆီများရောဂါအပြင် တခြားရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ Hepatitis အသည်းရောင်တာနဲ့ တွဲနေသူလဲရှိတယ်။
လူအတော်များများ အသည်းအဆီဖုံးရောဂါ ရှိနေပေမဲ့ လူကောင်းလိုနေကြသေးတယ်။ စမ်းသပ်တဲ့အခါ အသည်း ကြီးနေတာ တွေ့ရနိုင်တယ်။ အသည်းလုပ်ငန်းကိုသိဘို့ သွေးစစ်ရင် Alanine transaminase (ALT) နဲ့ Aspartate aminotransferase (AST) ခေါ်တဲ့ အသည်းမှာ (အင်ဇိုင်းမ်) တွေ များနေမယ်။ (ALT) နဲ့ (AST) (အင်ဇိုင်းမ်) တွေ များနေတာကအသည်းရောဂါ ရမှသာ ဖြစ်တာမဟုတ်ပါ။ ကြွက်သားရောဂါ ကြောင့်လဲရစေတယ်။ CT scan နဲ့ MRI လုပ်ရင် ပိုသိနိုင်တယ်။ Liver biopsy အသည်းက အသားစထုတ်ယူစစ်ဆေးမှ ရောဂါရှိတာသေခြာမယ်။
• အသည်းနေရာတချို့မှာနာနေတယ်။ သူ့ကိုဖိကြည့်ရင် နာမယ်။
• အားယုတ်မယ်။ အစားပျက်မယ်။
• အသား-ဆီးဝါနေမယ်။
• ကိုယ် (ဗိုက်-ခြေထောက်) ရောင်နိုင်တယ်။
• ပိုဆိုးလာရင် အသည်း (ဆဲလ်) တွေ သေတော့ အမာရွတ် ဖြစ်တာကြောင့် အသည်းခြောက် ရောဂါ ဖြစ်လာမယ်။ ပြန်မကောင်းတော့ပါ။ အသည်းအစားထိုးရမယ်။
• ဆေးမကုဘဲနေရင် တချိန်မှာ ဦးနှောက် ထိခိုက်တာ ဖြစ်လာနိုင်တယ်။
• အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်နေသူတွေထဲက ၁ဝ% ဟာတချိန်မှာ အသည်းကင်ဆာ ဖြစ်လာနိုင်တယ်။
အရက်ကြောင့်မဟုတ်ပဲဖြစ်ရတဲ့ အသည်းအဆီဖုံးရောဂါကနေ အသည်းရောဂါမဖြစ်တာ ၈ဝ% ရှိတယ်။ ၂ဝ% ကတော့ (NASH) ဖြစ်မယ်။ အဲဒီ NASH ထဲက ၂ဝ-၃ဝ% ဟာ အသည်းခြောက်တာနဲ့ အသည်းမကောင်းတော့တာတွေ ဖြစ်လာနိုင်တယ်။
ဘာလို့ဖြစ်သလဲကိုသိမှ ကုသတာမှန်မယ်။ ရိုးရိုးအသည်းအဆီဖုံးတာကို ကုစရာမလိုပါ။ Steatosis ကြောင့်ဖြစ်ရင် ပြန်ကောင်းနိုင်တယ်။ ဖြစ်လာမှတော့ နဂိုလို ပြန်မရောက်နိုင်တာများတယ်။ ရောဂါဖြစ်နေတာ နှေးအောင် လုပ်လို့တော့ ရတယ်။ အစောပိုင်းအဆင့် အစားအသောက် ဆင်ခြင်တာ၊ လူနေပုံ ပြင်တာနဲ့ ပြန်ကောင်းနိုင်တယ်။
• ကိုယ်အလေးချိန် လျှော့ချပါ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။
• အဆီလျှော့စားပါ။ အချိုပါ လျှော့စားပါ။
• အရက်ဖြတ်ပါ။
• ဆားခါး၊ ဗီတာမင် စီနဲ့ အီးတွေကအထောက်အကူပေးနိုင်တယ်။
• Ursodeoxycholic acid ဆေးကအကျိုးများစေနိုင်တယ်။
• ဆန်လုံးညို၊ သိပ်ဖြူစင်အောင်ချွတ်မထားတဲ့ အစေ့အဆီတွေကကောင်းတယ်။ Phytic acid ပါနေလို့ ဂျုံကမကောင်းပါ။
• ပေါင်မုံ့ဖြူ၊ ကြက်ဥခေါက်ဆွဲ၊ ကိတ်မုံ့၊ သွားရည်စာတချို့တွေကိုရှောင်ပါ။
• အသီးတွေနဲ့ အသီအရွက်တွေကိုနေ့တိုင်းစားပါ။
• နွားနို့ထဲမှာအဆိပ်ပျယ်ဓါတ်ပါလို့ ကောင်းတယ်။
• ကြာကြာကျော်ထားတဲ့အစာတွေ၊ နှစ်ခါပြန်ကြော်တာတွေ၊ အဆီများအစာတွေ၊ စက်ရုံကနေ ပြုပြင် ထုပ်ပိုးထားတဲ့ အစာတွေ ရှောင်ပါ။
• ဝက်အူတောင့်၊ (ဟော-ဒေါ့ခ်) မတည့်ပါ။
• ကြက်ဥနည်းနည်းသာစားပါ။
• အချိုရည်၊ ကော်ဖီ၊ အရက်ပါအရည်တွေ မတည့်ပါ။
• အမဲသား၊ ဝက်သားနဲ့စာရင် ကြက်ဆင်နဲ့ ကြက်သားတွေကတော်သေးတယ်။
• (စတီရွိုက်)ဆေး၊ ကြီးထွားဆေး၊ ပဋိဇီဝဆေးတွေ မပါတဲ့ အသားငါးသာရွေးစားပါ။
• ရေများများသောက်ပါ။
ဗိုက်ဖေါင်းတာဟာ ဖျင်းခေါ် ဗိုက်ထဲမှာ အရည်ပိုတွေအောင်းတာဖြစ်တယ်။ လိုအပ်ရင်ဖေါက်ထုတ်ရတယ်။ ဆေးတွေလိုမယ်။ ဗီတာမင် ဘီ-၁ နဲ့ တခြားဗီတာမင်တွေလိုနိုင်တယ်။ ပိုတက်ဆီယမ်ဓါတ်ဆား လိုနိုင်တယ်။ ဆီးသွားစေတဲ့ဆေးလိုနိုင်တယ်။ အနာသက်သာဆေး လိုနိုင်တယ်။
Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း https://doctortintswe.blogspot.com/…/fatty-liver-disease-fl…
ဒေါက်တာတင့်ဆွေ

Wednesday, August 23, 2017

Acne Scars ဝက်ခြံအမာရွတ်

၁။ ဆရာ မင်္ဂလာပါခင်ဗျာ။ လွန်ခဲ့တဲ့သုံးလလောက်ကစပြီး ကျွန်တော်အမျိုးသမီးဟာ မျက်နှာမှာဝတ်ခြံအဖုအထစ်များ လူမြင်မကောင်းအောင်ထွက်လာပါတယ်။ ယခုရက်အတွင်း နှာခေါင်းဘေးပါးပြင်ပေါ်တွင် မကျီးစေ့ခန့်ပမဏရှိ ဝတ်ခြံ အဖုထွက်လာပြီး မျက်စိပါကြည်လို့မကောင်းသောကြောင့် ဆေးကောင်းနည်းလမ်းကောင်းများလမ်းပြပေးပါခင်ဗျာ။ အသက် (၃၃)ရှိပါပြီ။ ကျေးဇူးတင်ပါတယ်ဆရာ။
၂။ ဆရာဝက်ခြံပေါက်ပြီးရင် ချိုင့်တွေမကျန်အောင် ဘာလုပ်ရမလဲဆရာ။ ရှိပြီးသားချိုင့်တွေပျောက်အောင်ရော ဘာလုပ်ရမလဲ။
၃။ ကျွန်တော်က အသက်၂ဝ ရှိပါပြီ။ မျက်နှာမှာ အခုတလော အကွက်မည်းတွေထွက်နေပါတယ်။ နားလည်သလောက် အင်တာနက်မှာရှာကြည့်တော့ zits လို့ခေါ်မလား၊ acne scars လို့ခေါ်မလား မသိဘူးခင်ဗျ။ အသားတွေက တဖြည်းဖြည်း အစားခံရသလိုဖြစ်နေလို့ပါ။ တဖြည်းဖြည်း အသားထဲ ဆိမ့်ဝင်လာသလို ဖြစ်နေတာပါ။ ဝက်ခြံလည်း မဟုတ်ပါဘူးခင်ဗျ။ ကြာလာရင် ကျွန်တော့်မျက်နှာကြီး အပေါက်တွေနဲ့ဖြစ်တော့မှာဆိုးလို့ပါ။ ဒါကိုဘယ်လိုများ ကုသရမလဲဆိုတာ သိချင်ပါတယ်။
မေးခွန်းမှာ တချို့က အသက်-ကျား-မ မပြောလို့ ရမ်းဖြေတဲ့ဆရာဝန်ဖြစ်စေတယ်။ တချို့က အသက်ကိုနောက်မှာ ရေးတော့ ၂ ခါ ထပ်ဖတ်ရတယ်။ အချိန်ကုန်တဲ့ဆရာဝန်ဖြစ်ရတယ်။
ဆိမ့်ဝင်နဲ့ ဆိုးလို့ပါဆိုတဲ့ ကနေ့ခေတ်လူငယ်တွေ အများကြီးမှားနေကြတဲ့ သတ်ပုံကိုတော့ အမာရွတ်ထင်သလို မကျန်ရစ်စေချင်တာကို အရင်ရေးပါရစေ။ စလုံးနဲ့သာရေးရပါတယ်။
ဝက်ခြံပေါက်ပြီး နီညိုရောင် အမာရွတ်ကျန်ရစ်လေ့ရှိတယ်။ ကြာရင်တော့ ပျောက်သွားပါမယ်။ ဝက်ခြံအမာရွတ်ထဲမှာ ဗက်တီးရီးယားတွေနဲ့ (စီဘမ်) တွေအထဲမှာရှိတယ်။ ဒါတွေကိုတုန့်ပြန်တဲ့အနေနဲ့ ကိုယ်ကနေ သွေးဖြူဥတွေနဲ့ ရောင်ရမ်းဖြစ်စဉ်ဆိုတဲ့ မော်လီကျူးတွေ စုလာတယ်။ အမာရွတ်တိုင်းက မတူကြပါ။ အတွင်းနက်နက် ဖြစ်တာတိုင်းက အမာရွတ်ဆိုးတယ်၊ ပျောက်ဘို့ကြာတယ်၊ တချို့က မပျောက်နိုင်တော့ပါ။
၁။ Icepick scars ရေခဲခွဲစူးနဲ့တူတဲ့အမာရွတ်က အများဆုံးဖြစ်တယ်။ ဆွင်းနက်နက်လေးတွေဖြစ်တယ်။
၂။ Boxcar scars ရထားတွဲလိုအမာရွတ်ဆိုတာ အနားသတ်က ဒေါင့်လေးတွေရှိတယ်။ ရေကျောက် ပေါက်ထားသလို မြင်ရမယ်။
၃။ Rolling scars လှိုင်းလေးတွေနဲ့တူတယ်။ ဘေးကိုပါးသွားတယ်။
၎။ Keloid scars (ကီးလွိုက်) အကြည့်ရဆိုးတယ်။ ဖေါင်းမောက်နေတယ်။ အသီးလိုဖြစ်တယ်။ (ရေးထားပါတယ်။)
ဆေးကုနည်းတွေ အမျိုးမျိုးရှိတယ်။
၁။ Laser resurfacing လေဆာနည်း။ ၂-၃ ရက်ကြာမယ်။
၂။ Fractional laser therapy လေဆာနောက်တနည်း။ ၂-၃ ရက်ကြာမယ်။
၃။ Dermabrasion လည်နေတဲ့ ဝိုင်ယာ ဘရပ်ရှ် သုံးနည်း။ Microdermabrasion ဆိုတာ ယာယီ အပြင်သွားကာနီး သုံးတယ်။ အမာရွတ်ဘေးနားကအရေပြားနေရာက်ဖေါင်းလာစေလို့ အမာရွတ်ကို သိပ်မသိသာစေဘူး။ နဲနဲနာမယ်။ အသေးစားနည်းလဲရှိတယ်။ တိုက်ရိုက်နေရောင် ထိတာရှောင်ထားပါ။
၎။ Chemical peel ဆေးသုံးပြီးအခွံခွါနည်း။ အရေပြားရဲ့ အပေါ်ဆုံးအလွှားလေးကို ခွါပေးလို့ အောက်ကနေ အသစ် ဖြစ်လာစေမယ်။ အသစ်က အမာရွတ်မဖြစ်စေဘူး။
၅။ Surgery ခွဲစိတ်နည်း။ နောက်ဆုံးနည်းအနေနဲ့သာသုံးသင့်တယ်။ အမာရွတ် နည်းစေအောင်သာ တတ်နိုင်တယ်။
(ကီးလွိုက်) အမာရွတ်အသီးဖြစ်တာကို Pulsed dye laser လေဆာနည်း သုံးနိုင်တယ်။ (ကီးလွိုက်) မဟုတ်တဲ့ အမျိုးအစားတွေအတွက် သုံးနိုင်တာတွေ ရှိတယ်။ Retinoic acid (ဗီတာမင် အေ) ပါတဲ့ဆေး။ ကိုယ်ဝန်ဆောင်မှာ မသုံးသင့်ပါ။ Glycolic acid ဆေးသုံးနိုင်တယ်။ Vitamin C (ဗီတာမင် စီ) ပါတာ သုံးနိုင်တယ်။
Glycolic Foaming Cleanser, Glycolic Acid Toner, Whitening Mask, Drying Cream, Healing & Soothing Mask, Suncare (SPF-30), Temporary Lifting Mask ဆေးတွေရောင်းပါတယ်။ သတိနဲ့သုံးသင့်ပါတယ်။ မျက်နှာလိမ်း Fancy lotions ကြော်ညာလိမ်းဆေးတိုင်းကို အားမကိုးသင့်ပါ။
ဝက်ခြံကို ခဏခဏညှစ်နေ၊ ဆိပ်ဆွနေတာ မကောင်းပါ။ အမာရွတ်ဆိုတာ အနာပျောက်ဖြစ်စဉ်ဖြစ်နေတာမို့ သူ့ကို ဆိတ်-ဆွ-ညှစ်တာတွေ လုပ်ရင် ဒီဒဏ်အတွက် နောက်ထပ် အမာရွတ်ပျောက်ဖြစ်စဉ် ထပ်တိုးပါလိမ့်မယ်။
ဒေါက်တာတင့်ဆွေ

Friday, August 18, 2017

Aung Ko Latt to For Technology & Sharing Group
19 hrs ·
ကွန်ပျူတာကို ဆရာကျကျ အသုံးပြုချင်သူများအတွက်
#Windows အသုံးဝင် shortcut keys များ...
Start + M - ဖွင့်ထားတဲ့ windows တွေကို ချုံ့ပြီး taskbar ပေါ်မှာ နေရာချပေးပါလိမ့်မည်။
Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏနေရာချထားတဲ့ windows တွေကို size ကြီးပြန်ချဲ့ပေးပါ တယ်။
Start + E - Windows ရဲ့ အင်ဂျင်စက်ခန်းလို့ ခေါ်ဆိုနိုင်တဲ့ windows explorer ကိုဖွင့်ပေးပါတယ်။
Start + R - Start menu မှာရှိတဲ့ “Run” box ကိုဖွင့်ပေးပါတယ်။
Start + F - windows search dialog box ကိုဖွင့်ပေးပါတယ်။
Start + Ctrl + F - search box ကိုဖွင့်ပေးပါတယ်။
တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကိုဖွင့်ပေးပါတယ်။
Start + Pause (Break) - System properties dialog box ကိုဖွင့်ပေးပါတယ်။
F1 - အကူအညီ တစ်စုံတစ်ရာ လိုအပ်ရင် နှိပ်ပါ။
Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။
Alt + Tab - ဖွင့်ထားသော Program တွေ တစ်ခုနှင့်တစ်ခုအကြား ကိုကူးပြောင်း အလုပ်လုပ်စေနိုင်ပါ သည်။
Alt + F4 - ဖွင့်ထားတဲ့ Program ကနေထွက်ခွာစေပါတယ်။
အလုပ်လုပ်လျက်သားဖြစ်နေရင် သာမာန်ပုံစံအတိုင်း “save” လုပ်မလားလို့ မေးပါလိမ့်မယ်။
Shift + Del - Select ပေးပြီးရွေးချယ်ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီးပစ်ပါလိမ့်မည်။
#Windows program key combination
Ctrl + C (copy) - မိတ္တူပွားပေးပါတယ်။
Ctrl + X (cut) - တစ်နေရာမှတစ်နေရာကို ကူးပြောင်းနေရာရွှေ့ဖို့အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။
Ctrl + V (Paste) - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည်နေရာချထားပေးပါတယ်။
Ctrl + Z (undo) - undo လုပ်ဆောင်ခဲ့သော အလုပ်ကို မနှစ်သက်တဲ့အခါ မူလအခြေအနေအတိုင်း ပြန်ရောက်စေပါတယ်။
Ctrl + B (Bold) - Document အတွင်းမှာရှိတဲ့ text တွေကို ပိုမိုထင်ရှားအောင်ပြုလုပ်ပေးပါတယ်။
Ctrl + U (Underline) - Document တစ်ခုအတွင်းမှာရှိတဲ့ text အောက်ခြေမှာ မျဉ်းတားလိုတဲ့အခါ သုံးကြပါတယ်။
Ctrl + I (Italic) - Document တစ်ခုအတွင်းမှာရှိတဲ့ text တွေကို စောင်းအောင်ပြုလုပ်ပေးပါတယ်။
#Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) - Right click နှင့်တူသည်။ active windows ရဲ့ display menu ကိုဖွင့်ပေးပါတယ်။
Shift + Left click (နှစ်ချက်) - File (သို့) Folder ရဲ့ properties ကိုပြပေးပါတယ်။ Alt + left click (နှစ်ချက်)
##General Keyboard
F10 - Menu bar မှာရှိတဲ့ Options တွေကို အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။
Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။
Shift + F10 - ရွေးချယ်ထားတဲ့ ဖိုင်တစ်ခုအတွက် “shortcut” ဖိုင်ငယ်ကလေးတစ်ခုပြုလုပ်ပေးပါတယ်။
Alt + down arrow - drop down list box ကျလာစေပါတယ်။
Software တစ်ခုအတွင်းမှာပဲဖြစ်ဖြစ်၊ တစ်ခြား
နေရာ တစ်ခုမှာပဲဖြစ်ဖြစ် features တိုင်း၌ လုပ်ဆောင်စွမ်း box ငယ်လေးများကိုယ်စီ ရှိကြသည်။
Alt + Tab - ဖွင့်ထားတဲ့ လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြားကူးပြောင်းစေနိုင်ပါတယ်။
တကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကိုလွှတ်လိုက်မယ်ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ်မှန်သမျှကို အလွယ်တကူကြည့်ရှုနိုင်ပြီး လုပ်ငန်းပြောင်းလဲနိုင်ပါတယ်။
Shift + ? - တကယ်လို့ shift key ကို ဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချပ်ကို ထည့်သွင်းလိုက်မယ်ဆိုရင် အဲဒီ CD/DVD ရဲ့ “Auto Run” box တက်လာပါမယ်။
CD မှာ virus ပါဝင်မှု ရှိ၊ မရှိ ကို စစ်ဆေးလိုတဲ့ အခါမှာ အသုံးဝင်ပါတယ်။
Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါဝင်တဲ့ system restore box ကိုပြပါတယ်။
Alt + hyphen - Multiple Document Interface ကိုပြသပေးပါတယ်။
Alt + underlined letter - Software တစ်ခုအတွင်းမှာ သတိထားကြည့်မယ်ဆိုရင် options bar ရဲ့ feature တွေမှာ မျဉ်းတားထားတဲ့ စာသားလေးတွေမျိုးစုံကို တွေ့ရပါလိမ့်မယ်။ Alt ကိုဖိနှိပ်ထားပြီး အခုန စာသားလေးကို နှိပ်လိုက်တဲ့အခါမှာ အဲဒီ “feature” ရဲ့ “drop down box” (ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ) ပွင့်လာပါမည်။
Ctrl + F4 - address bar ကိုဖွင့်ပေးပါတယ်။
Alt + F6 - Alt + tab အလုပ်လုပ် ပုံအတိုင်း ဖြစ်ပါတယ်။
#Selected objects and Shell objects
F2 - ရွေးချယ်ထားတဲ့အရာဝတ္ထုကို နာမည်အသစ်ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေစေပါတယ်။
F3 - File တွေကို အကုန်လုံး ကိုရှာပေးမယ်။
Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္ထုရဲ့ properties ကိုဖော်ပြပေးပါတယ်။
ဖိုင်တစ်ခု မိတ္တူပွားရန် - Ctrl key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြားနေရာကို ရွေ့ပေးပါ။
အပေါင်းလက္ခဏာ သေးသေးလေး ပေါ်လာပြီ မိတ္တူပွားပေးပါလိမ့်မည်။
Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift key တွေကို ဖိနှိပ်ထားရင်း ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္ထုကို ဖန်တီးလိုတဲ့နေရာဆီကို drag ဆွဲယူပါ။
F4 - object ကို select ပေးထားရင်းနဲ့ F4 ကိုနှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။
#General folders/ shortcut control
F5 (Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်းစေပါတယ်။
F6 - Window Explorer အတွင်း ဟိုဘက်၊ ဒီဘက် cursor ကိုရွေ့နိုင်ပါတယ်။
Ctrl + A - အရာဝတ္ထုများအားလုံးကို select လုပ်ပေးပါတယ်။
တကယ်လို့ desktop ပေါ်မှာ item တစ်ခုကို click နှိပ်ပြီး “Ctrl + A” command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါရွေး ချယ်ပြီးသားဖြစ်သွားပါလိမ့်မည်။
Shift + Click + close button- ဖွင့်ထားတဲ့ Folder တွေမှန်သမျှ အားလုံးကိုပိတ်ပေးပါတယ်။
#Window explorer အတွင်း
* (Keypad) - ရှိရှိသမျှ root folder တွေအားလုံးကို အကုန်ဖွင့်ပေးပါတယ်။
+ (Keypad) - root folder တစ်ခုအတွင်းရှိ ရှိရှိသမျှ file တွေအားလုံးကို ဖွင့်ပေးပါတယ်။
- (Keypad) - root folder တစ်ခုအတွင်းရှိ ဖွင့်ထားခဲ့တဲ့ file တွေကိုပိတ်ပေးပါတယ်။
Right Arrow - “+” နဲ့ အလုပ်လုပ် ပုံချင်းတူပါတယ်။
Left Arrow - “-” နဲ့ အလုပ်လုပ် ပုံချင်းတူပါတယ်။
Properties Control
Ctrl + Tab - Mouse မသုံးဘဲ keyboard နဲ့ခုန်ပြန်ကျော်လွှားသွားနိုင်ပါတယ်။
(Ctrl + Tab + Shift)
*Mouse အသုံးမပြုပါက Mouse properties တချို့ ကို disable လုပ်ထားလျှင် ပိုကောင်း၏၊*
#Accessibility Shortcuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါမှာ- Control Panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါတယ်။
Shift ကို ငါးကြိမ်ဆက်တိုက်နှိပ်ရင် PC ထဲကနေ “ကွိ” ဆိုတဲ့ အသံကလေး ပေါ်လာပါလိမ့်မယ်။ ပြီးရင်တော့ Shift key ကို save မလုပ်ချင်ရင် cancel လုပ်ပါ။
Right Shift ကိုရှစ်စက္ကန့်အကြာ- ညာဘက် Shift Key ကို ရှစ်စက္ကန့်ကြာအောင် နှိပ်ထားရင်လည်း filter key box လေးပေါ်လာပါလိမ့်မည်။
Number Lock key ကိုငါးစက္ကန့်- Number Lock key ကိုငါးစက္ကန့်ကြာအောင်ဖိနှိပ်ထားတဲ့အခါမှာလည်း ထိုနည်းလည်း ကောင်းပါပဲ၊ အလုပ်လုပ် ပုံချင်းသာကွဲပြားသွားမှာပါ။
Left Alt + Left Shift + Number lock- PCထဲက “ကွိ” အသံလေးအတွက် function ပဲဖြစ်ပါတယ်။
အဓိကအားဖြင့် တော့ mouse key ကို အပိတ်၊ အဖွင့်လုပ်စေချင်တာပါ။
Left Alt + Left Shift + print Screen- မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့အခါမှာ အဆိုပါ keyboard တွဲကို တွဲဘက်နှိပ် ပေးပါ။
#Keyboard Keys
Start (Windows logo) + D - Windows တွေကို task bar ပေါ်ကို ခဏတင်ပေးပါတယ်။
Ctrl + Start + F - Search box ကိုဖွင့်ပေးပါတယ်။
ခွေးလေးကိုမလိုချင်ရင်ပယ်ဖျက်ထားလို့ရပါ တယ်။
Ctrl + Start + Tab - Address bar ဆီကို ချက်ချင်း cursor ချပေးပါတယ်။
Start + Tab - Taskbar ပေါ်မှာ စုပြုံဖွင့်ထားတဲ့ folder တွေဆီကို တစ်ခုကနေ တစ်ခု ကူးပြောင်းနိုင်ပါတယ်။
Start + Pause (Break) - System Properties ကိုချက်ချင်းဖွင့်ပေးပါတယ်။
Application key - File or folder ရဲ့ Properties ကိုဖွင့်ပေးပါတယ်။
#Document box Command
Tab - dialog box ထဲမှာဆိုရင် နောက်တစ်ခုကို သွားဖို့အဆင်သင့် ဖြစ်နေပါတယ်။
Shift + Tab - လာခဲ့တဲ့ Control ဆီကိုပြန်သွားပေးပါတယ်။
Spacebar - ရွေးချယ်ပြီးလုပ်ပါတယ်။ (e.g. button တစ်ခုကို ရွေးချယ်ထားတယ်။
အဲဒီ button ကို click နှိပ်ရုံပဲ။ ဥပမာ check box တစ်ခုကို ရွေးချယ်ထားမယ်ဆိုရင် space bar တစ်ချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခုပြပေးထားပါတယ်။ တစ်ခုကို ရွေးချယ်ရမယ်ဆိုတဲ့နေရာမှာ Enter နဲ့တူပါတယ်။
Esc - အရာအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ “cancel” ရဲ့ အလုပ်လုပ်ပုံနဲ့တူတယ်။
Alt + Underlined Letter - Alt ကိုဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် Shortcut တစ်ခုပါပဲ။
Enter - Object တစ်ခုကို select ပေးပြီး OK Button နှိပ်လိုက်တာနဲ့ဆင်တူတယ်။
မူရင်း Links- http://phyopyaesonehtun.blogspot.com/p/blog-page_22.html
Image may contain: 1 person
Image may contain: 1 person
10 hrs ·
ဒီနေရာလေးက နာ ရင် ... ဒီ ရောဂါ ဖြစ်တက်တယ်
ဟိုနေရာလေးက နာ ရင် ... ဟို ရောဂါ ဖြစ်တက်တယ်
Photo from Filipino knowledge page

Wednesday, August 2, 2017

Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ

၁။ မင်္ဂလာပါဆရာ။့ အသက်၂၄ပါ။ Computer တွေ ဖုန်းတွေကြည့်တာများပြီး တခါတရံ ညာဘက်မျက်လုံးက အောင့်နေလို့ပါဆရာ။ အဲဒါ ဘယ်လိုမျက်စဉ်းမျိုးသုံးပြီး ဘယ်လိုဆေးမျိုးသောက်ရပါမလဲဆရာ။
၂။ ဆရာရှင့်။ ကျွန်မ နာမည့့် ပါ။ အသက် ၂၂ နှစ်ပြည့်တော့မှာပါရှင့်။ ကျွန်မက မျက်လုံး အရမ်းဖြူပါတယ်။ phone, laptop အသုံးများလျှင် ခေါင်းကိုက်ပါတယ်ဆရာ။ နေ့အလင်းကို သိပ်မခံနိုင်တာမျိုး အခုနောက်ပိုင်း ဖြစ်လာပါတယ်ဆရာ။ တော်ရုံအလင်းကိုတောင် မျက်မှောင်ကြုတ်ကြည့်ရပါတယ်ဆရာ။ မျက်လုံးအတွက် အားဆေးသောက်ချင်လို့ပါဆရာ။ ဘာဆေးသောက်သင့်လဲဆိုတာလေး လမ်းညွှန်ပေးစေချင်ပါတယ်ဆရာ။ အမေကတော့ ALFA American Company က ထုတ်တဲ့ Vision Support ဆိုတဲ့အားဆေးကို ဆရာကိုမေးပြီးသောက်ပါလားလို့ ပြောပါတယ်ဆရာ။ လမ်းညွှန်ပေးပါဆရာ။
မျက်လုံးအားဆေးဆိုတိုင်း မယုံပါနဲ့။ ဗီတာမင်အေ တမျိုးသာရှိတယ်။ အဲတာကလည်း ကြက်မျက်သင့်တာကိုသာ ကောင်းစေတယ်။
တီဗွီတွေ၊ ကွန်ပြူတာတွေမပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုးမျက်စိလို သုံးဘို့သာလိုခဲ့တယ်။ ကွန်ပြူတာ သုံးသူတွေ မျက်စိမှာ တခုခုလာဖြစ်တာကို ကွန်ပလိန့်လုပ်သူ ၅ဝ% ရှိတယ်။ ခေါင်းကိုက်၊ မျက်စိဝါးတာအပြင် အားအင် ကုန်သလို ခံစားလာရသူတွေလဲ ရှိတယ်။ ခုထိတော့ ရုတ်တရက် ဆိုးဝါးတဲ့ ရေတိမ် နဲ့ ကွန်ပြူတာသုံးတာ ဆက်စပ်မှု မတွေ့ရသေးပါ။ Computer Vision Syndrome (CVS) ဖြစ်တာတွေသက်သာဘို့ အလုပ်စခန်း၊ လူအနေအထား၊ မျက်မှန်၊ ကွန်ပြူတာမျက်နှာပြင်မှာ လိုတာတွေ ပြင်ပြီး မျက်စိလေ့ကျင့်ခန်းတွေနဲ့ လုပ်နိုင်ပါတယ်။
မျက်စိဆရာဝန်နဲ့ မျက်စိစစ်ပါ။ (NIOSH) အဆိုအရ ၁ နှစ် ၁ ခါ စစ်ပါ။ သက်သာစေနည်း ၁ဝ နည်းပြောပါမယ်။
၁။ အလုပ်နေရာမှာ အလင်းရောင် မှန်-ကောင်းပါစေ။ လင်းလွန်းတာလဲ မကောင်းပါ။ ရုံးတွေမှာ အများဆုံး ထွန်းထာတဲ့ အလင်းရောင်ထက် ထက်ဝက်သာ လိုတတ်ပါတယ်။ ပြူတင်းပေါက် လိုက်ကာတွေ ချထားပါ။ အလင်းရောင်လာရာက ကိုယ့် မော်နီတာ နောက်က-ရှေ့က မဖြစ်စေပါနဲ့။ Overhead fluorescent lights သုံးရင် အဆင်မပြေသူတွေ ရှိတယ်။ မော်နီတာအလင်းက အခန်းထက် ပိုသင့်တယ်။ နောက်ကျောက နံရံမှာ ကပ်မနေသင့်ပါ။ ပိုအရေးကြီးတာက ကိုယ့်ရှေ့မှာ နံရံရှိနေတာ မကောင်းပါ။ ပရိုဂရမ်တခု Install လုပ်နေတုံး Screen ကို စိုက်ကြည့်မနေပါနဲ့။
၂။ ပြောင်ချောနေတဲ့၊ အလင်းပြန်နိုင်တဲ့ နံရံတွေက မကောင်းဘူး။ နံရံ ဆေးပြင်သုတ်ပါ။ Wall paper ကပ်ပါ။ လိုအပ်ရင် ကိုယ့်ကွန်ပြူတာမှာ Anti-glare screen တပ်ပါ။ မျက်မှန်တပ်ရသူဆိုရင် Anti-reflective (AR) coating ပါတာကို သုံးပါ။
၃။ Display အဆင့်မြှင့်ပေးပါ။ CRT screens တွေအစား Flat-panel liquid crystal display (LCD) သုံးပါ။ ပိုကြီးတာ ပိုကောင်းတယ်။ Desktop computer ဒေါင့်ဖြတ်မျဉ်း 19 inches ဖြစ်ပါစေ။
၎။ ကွန်ပြူတာ မျက်နှာပြင်ရဲ့ Brightness and contrast ကို Adjust လုပ်ပါ။ အလုပ်ခွင်နဲ့ တူနေတာ ကောင်းတယ်။ စမ်းသပ်နည်း တခုကတော့ Web page အဖြူခံကို ဖွင့်ထားတဲ့အခါ အလင်းရောင်က အဲဒီက လာနေတာဆိုရင် များတယ်။ Dull and gray ဖြစ်နေရင်လဲ နည်းတယ်။
၅။ Text size နဲ့ Color တွေလဲ ကိုယ်နဲ့ ကိုက်ပါစေ။ အကောင်းဆုံး Text size ဆိုတာ ကိုယ်စာဖတ်နေကြ စာလုံး အရွယ်ရဲ့ ၃ ဆ ရှိသင့်တယ်။ အဖြူခံပေါ်က အနက်စာလုံး ပိုကောင်းတယ်။
၆။ မကြာမကြာ မျက်တောင် ပိုခတ်ပေးပါ။ အခန်းမှာ လေကခြောက်သွေ့နေတာ မကောင်းပါ။ မိနစ် ၂ဝ တခါ ၁ဝ ကြိမ် မျက်တောင်ခတ်ပါ။
၇။ ချထားတဲ့ စာရွက်ကြည့်လိုက်၊ မောနီတာကြည့်လိုက် မကောင်းပါ။ Copy stand ကို Monitor မှာဆင်ပါ။ Desk lamp လိုရင် သုံးကြည့်ပါ။ စားပွဲ၊ ကုလားထိုင် အနိမ့်-အမြင့် အဆင်ပြေပါစေ။ Ergonomic furniture ကောင်းပါတယ်။ Computer screen က ကိုယ့်မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ ကိုယ့်မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေပါစေ။
၈။ Computer eyewear သုံးဘို့ စဉ်းစားပါ။ Computer glasses တွေဟာ Bifocals တို့ Progressive lenses မျက်မှန်တို့ သုံးရသူတွေအတွက်လဲ ကောင်းပါတယ်။
၉။ မျက်လုံးလေ့ကျင်ခန်း လုပ်ပါ။ မိနစ် ၂ဝ တခါ၊ ကွန်ပြူတာကနေ ပေ ၂ဝ အဝေးကို ၂ဝ စက္ကန့်ကြာ ကြည့်ပေးပါ။
၁ဝ။ မကြာမကြာ ကွန်ပြူတာအလုပ်ကနေ နားပေးပါ။
Computer Glasses ကွန်ပြူတာသုံးမျက်မှန်ဆိုတာဘာလဲ
မျက်မှန်ဟာ ၂၈ လက္မ ဖိုးကပ်စ်လုပ်နိုင်ရင် ကွန်ပြူတာနဲ့ သုံးနိုင်ပါတယ်။ စပါယ်ရှယ်လုပ်ပေးထားတဲ့ မျက်မှန်ကိုမှ ကွန်ပြူတာသုံးမျက်မှန်ခေါ်ပါတယ်။ Optical quality ကောင်းဘို့တော့လိုတယ်။ Trifocals နဲ့ Weak Bifocals တွေလဲ သုံးလို့တော့ရတယ်။ မကောင်းလှပါ။ ဒီမျက်မှန်တွေရဲ့ ဆုံချက်က မှန်ရဲ့ အောက်ခြေမှာရှိပြီး၊ ကွန်ပြူတာမျက်နှာပြင်က မျက်စိနဲ့ တည့်တည့် ဖြစ်နေလို့ပါ။ ခေါင်းကို ပြင်နေရတာက လည်ပင်း ကြွက်သားတွေ နာစေတယ်။ ရိုးရိုး စာကြည့် မျက်မှန်တွေက ပိုတော့ ကောင်းတယ်။ ဒါပေမဲ့ ၁၄ လက္မ ဖိုးကပ်စ် ဖြစ်တာ များလို့ ခေါင်းကို ရှေ့ငုံ့ရတော့မယ်။ လည်ပင်း-ပခုံး နာစေမယ်။ မျက်စိစွေ ကြည့်နေရလိမ့်မယ်။ ခေါင်းကိုက်လာမယ်။ မျက်စိ နားထင်ဘေးမှာ အရစ်တွေထင်စေမယ်။
မုဆိုးနဲ့စတော့ အကောင်နဲ့ အဆုံးသတ်ရမှာပေါ့။ အဲလိုဖြစ်တာကို Crow Foot ငှက်ခြေပေါ့။ မျက်စိမှိတ်ရင် ဘေးအစွန်မှာ ငှက်ခြေလို အရစ်တွေထင်တာဟာ ကွန်ပြူတာနဲ့အလုပ်လုပ်ရတာ ကြာလို့ဖြစ်တယ်။ ပြင်လို့ရတယ်။ မင်းသမီး နီကိုးလ် ကဒ်မင်းလဲ အဲလိုလုပ်ထားတာပါ။
Dr. တင့်ဆွေ