Tuesday, August 29, 2017

Cleft lip နှုတ်ခမ်းကွဲနဲ့ Cleft palate အာခေါင်ကွဲ ဘာကြောင့်ဖြစ်သလဲ
၁။ မကြာမကြာပြောရသလို ရောဂါတူတွေ စုလာတတ်တယ်။ မနက်ကလား၊ မနေ့ညကလား အရွယ်ရောက် မိန်းကလေးတယောက်က မွေးရာပါအာခေါင်ကွဲတာကို ခွဲစိတ်ခါနီးမှာ ခွဲပြီးလည်း စကားပီသဘို့ အာမမခံဘူးဆိုတာနဲ့ မခွဲဖြစ်ခဲ့တဲ့အကြောင်းမေးတယ်။ အမှန်က အဲတာမျိုးကို စကားမပြောတတ်ခင်မှာပြုပြင်သင့်တယ်။ နောက်မှပြင်လည်း အကျိုးအများကြီးရှိပါတယ်။ မခွဲခင်ရင်လည်း အာခေါင်အပေါက်ကို ရေစိုခံစက္ကူ (မှိုင်းကိုင်းစက္ကူ) နဲ့ယာယီကပ်ထားရင် စကားပိုပီသတယ်လို့ အကြံပေးခဲ့ပါတယ်။
၂။ နောက် အသက် တနှစ်နဲ့ ၅ လ ကလေးစကားသင်တာအခက်အခဲရှိတာကိုမေးလာတယ်။ မိခင်က လျှာခင်ထင်လို့ လျှာခင်အကြောင်းရှင်းပြပြီး လျှောခင်ကြောင့်တော့ စကားမပြောတာ၊ မပီသတာမဖြစ်နိုင်ကြောင်းရှင်းပြလိုက်တယ်။ ခဏနေတော့ ကလေးပါးစပ်ဟနေတဲ့ပုံကို့တော့မှ အာခေါင်ကွဲနေတာတွေ့တယ်။ မေးကြတာတွေလည်း မနည်းလှပါ။
၃။ ဒေါက်တာရှင့် ကျမရဲ့သူငယ်ချင်း ကလေးက မွေးရာပါနှုတ်ခမ်းကွဲမွေးပါတယ်။ ကလေးက အခုမှ ၂ ရက်ပဲ ရှိပါသေးတယ်။ နုတ်ခမ်းကိုမွေးကင်းစချုပ်လို့ရလား၊ ဘယ်တော့လောက်မှချုပ်လို့ရလဲ သိချင်လို့ပါ။
၎။ ဆရာရှင့် သမီးက ကိုယ်ဝန် ၃၁ ပတ်မှာရေမွှာပေါက်ပြီး ခွဲမွေးလိုက်ရတာပါ ကလေးက အပြင်မှာ ခဏပဲအသက်ရှင်ပြီး ဆုံးသွားပါတယ်ရှင့်။ ကလေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲလဲပါတယ်လို့ပြောပါတယ်။ အဲလိုဘာကြောင့်ဖြစ်ရတာပါလဲရှင့်။ နောက်ယူမယ့်ကလေး အဲလိုဖြစ်မှာစိုးရိမ်နေပါတယ်ဆရာ။ ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးစေချင်ပါတယ်ရှင့်။
၅။ ဆရာရှင့် သမီးမသိလို့ မေးတာပါရှင့်။ မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါက ဘာကြောင့်ပါရတာလဲသိပါရစေရှင့်။ သမီးကလေးလေးမှာပါလာလို့ပါရှင့်။ ကလေးလေးက ခုတလသမီးပါရှင့်။
၆။ ဆရာ ကျွန်မတူမလေးက မွေးရာပါနှုတ်ခမ်းခွဲ အာခေါင်ခွဲလေးပါ။ အဲဒါ ပလပ်စတစ်ဆာဂျင်လုပ်လို့ရလား။ ထိုင်းမှာ လုပ်လို့ရတယ်လို့ကြားလို့ပါ။ ကလေးက ၃ နစ်ရှိပါပြီ။ ရန်ကုန်မှာခွဲတာ တော်တော်ပြန်ကောင်းလာတယ်။ ဒါပေမဲ့ ပုံမှန် လူတစ်ယောက်လိုတော့ မဖြစ်ဘူးပေါ့။ အဲလိုလုပ်ရင် ကောင်းဆိုး အခြေအနေလေးနဲ့ ဘယ်လောက် ဝန်းကျင်လောက် သုံးမှရမလဲ ပြောပြပေးပါလား။ ဆရာကိုကျေးဇူးတင်ပါတယ်။ ဓါတ်ပုံပါ ပို့ပေးလိုက်ပါတယ်ဆရာ။
၇။ ဆရာ သမီးအသက် ၃၈ နှစ်။ အိမ်ထောင်သည်ပါဆရာ။ သိချင်တာလေးရှိလို့ပါဆရာ။ အခုနောက်ပိုင်း ကလေးတွေမှာ မွေးရာပါနုတ်ခမ်းကွဲ၊ အာခေါင်ကွဲ တွေပါလာပြီး အဲလိုမျိုးဖြစ်နေကြပါတယ်ဆရာ။ မနေ့က သမီးတူလေးမှာ မွေးရာပါ အဲလိုမျိုးပါလာလို့ပါဆရာ။ ဘယ်ဘက်က နုတ်ခမ်း၊ သွားဖုံး၊ အာခေါင်တို့ မပါလာဘဲ ဟောင်းလောင်းအပေါက်ကြီး ဖြစ်နေပါတယ်။ အဲလိုမျိုးက ဘာကြောင့်ဖြစ်ရတာပါလဲဆရာ။ လူကောင်းပုံစံအတိုင်း ဖြစ်အောင် ဘယ်လို လုပ်သင့်သလဲဆိုတာ ကျေးဇူးပြု၍ ဖြေပေးပါဆရာ၊ သမီးရေးတာ အမှားပါရင် ခွင့်လွှတ်ပါဆရာ။ ကျေးဇူးတင်ပါတယ်။
နှုတ်ခမ်းကွဲနဲ့ အာခေါင်ကွဲ ဘာကြောင့်ဖြစ်သလည်း။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင် အကြောင်းခံတွေကြောင့် ဖြစ်တယ်။ အမေဖြစ်ဖြစ် အဖေဖြစ်ဖြစ်ဆီကနေ မျိုးဗီဇထဲမှာပါလာတယ်။ တချို့မှာ ကလေးကိုယ်၌က ပတ်ဝန်းကျင်အကြောင်းခံတွေနဲ့ ရောတွဲပြီး ဖြစ်တာလည်းရှိတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတွေကနေ ဖြစ်လာစေဘို့ အားပေးတာလည်းရှိတယ်။ ဆီးချိုရှိနေသူ၊ လူအဝလွန်သူမိခင်တွေကနေ မွေးတဲ့ကလေးတွေမှာ ပိုဖြစ်တယ်။ အများအားဖြင့် ဘာလို့လည်းဆိုတာ သက်သေမပြနိုင်ပါ။ Topiramate ဆေးနဲ့ Valproic acid ဆေးတွေကို ကိုယ်ဝန်ပထမ (၃) လမှာသောက်ရရင်လည်း အဖြစ်များစေတာ တွေ့ရတယ်။
မိသားစုရာဇဝင်ထဲမှာ တယောက်မကဖြစ်တတ်တယ်။ လူဖြူတွေမှာ အဖြစ်နည်းတယ်။ ယောက်ျားလေးတွေက နှုတ်ခမ်းကွဲတာ မိန်းကလေးတွေထက် ၂ ဆပိုဖြစ်တယ်။ မိန်းကလေးတွေက အာခေါင်ကွဲတာ ပိုဖြစ်တယ်။ ယူကေမှာ ခန့်မှန်းချေ ကလေး ၇ဝဝ မှာ ၁ ယောက်မှာ အဲလိုချို့ယွင်းချက်နဲ့မွေးလာတယ်။ ၁၉၉ဝ ကျော်တုံးက ဒီလို ကလေးပေါင်း ၇၆ဝဝ သေဆုံးရာကနေ ၂ဝ၁၃ မှာ ၃၃ဝဝ သာသေတယ်။ တဝက်နည်းပါး အာခေါင်ကွဲပါပါလာတယ်။ လေးပုံတပုံမှာ နှုတ်ခမ်းကွဲတယ်။ လေးပုံတပုံမှာ ၂ မျိုးလုံးကွဲတယ်။ တဖက်တည်းဖြစ်သူကပိုများတယ်။ နှုတ်ခမ်း + အာခါင် နှစ်ဖက်လုံးဖြစ်တာ ၁ဝ% ရှိတယ်။ ဘယ်ဖက်မှာဖြစ်တာက ညာဖက်ထက် ၂ ဆများတယ်။ ယူအက်စ်မှာ တနှစ်ကို ကလေးပေါင်း ၂၆၅ဝ ယောက်မှာ အာခေါင်ကွဲနဲ့မွေးလာကြတယ်။ ၄၄ဝဝ ယောက်မှာ နှုတ်ခမ်းကွဲ (အာခေါင်ပါတာရော မပါတာပါ) နဲ့ မွေးလာကြတယ်။ နောက်လေ့လာမှုတခုအရ နှုတ်ခမ်းကွဲမှာ ယောက်ျားလေးမှာ အများဆုံး။ အာခေါင်ကွဲမှာ မိန်းကလေးတွေအများဆုံး။ နှစ်မျိုးလုံးကွဲတာ ယောက်ျားလေးတွေ အများဆုံး။
ခွဲစိတ်ပြုပြင်နည်းလုပ်ရတယ်။ နှုတ်ခမ်းကွဲကို အသက် ၁-၄ လမှာလုပ်နိုင်တယ်။ အာခေါင်ကွဲတာကို အသက် ၅-၁၅ လမှာ လုပ်နိုင်တယ်။ နောက်ထပ်ဆက်လုပ်ရမယ့်ခွဲစိတ်မှုကို ၂ နှစ်ကနေ အပျို-လူပျိုပေါက်မှာ လုပ်သင့်တယ်။
နှုတ်ခမ်းကွဲနဲ့ အာခေါင်ကွဲခွဲစိတ်ပြုပြင်တာကို မြန်မာပြည်မှာလည်း ကောင်းကောင်းလုပ်ပေးပါတယ်။ ကုန်ကျတာတော့ မသိပါ။ တခါတလေ အိန္ဒိယနိုင်ငံက မဏိပူဆရာဝန်တွေနေ မုံရွာမှာ အခမဲ့လာလုပ်သေးတယ်။ ဆရာ့မိတ်ဆွေတွေပါ။
ခုခေတ်မှာ ခွဲစိတ်ကိရိယာတွေနဲ့ နည်းနာတွေ အများကြီးကောင်းလာနေပါပြီ။ ကျွန်တော်ဆရာဝန်ဖြစ်ကာစ တောနယ်မှာ တာဝန်ကျတုံးက ရှိတဲ့ပစ္စည်းနဲ့ တတ်တဲ့ပညာလေးနဲ့ နှုတ်ခမ်းထွဲများများနဲ့ အာခေါက်ကွဲနည်းနည်းကို ခွဲစိတ် ပြုပြင်ပေးခဲ့ရပါတယ်။ အဲလိုအသေးစိတ်မျိုးကို သဘောလောက်သာသင်ယူနိုင်ခဲ့တယ်။ ခွဲစိတ်ပညာစာအုပ်ကလည်း (မဆလ) ခေတ်မှာ ရှားလွန်းလှတယ်။ ဆေးမစားမီဓါတ်ပုံရိုက်ဖို့ဆိုတာ အဖြူ-အမည်းကင်မရာတောင်မှ ကိုယ်ပိုင်မရှိပါ။ အဲတာနဲ့ စက္ကူပေါ်မှာ ကလေးကွဲနေတဲ့ပုံဆွဲ။ ကိုယ့်အကြံနဲ့ကိုယ် မျဉ်းကြောင်းတွေဆွဲ။ ဂဲသြမေထရီသင်္ချာကိုလည်း လက်တွေ့ အသုံးချရတယ်။ မျဉ်းတွေကို (အေ)၊ (ဘီ)၊ (စီ)၊ (ဒီ) နာမည်တွေတပ်။ ကပ်ကြေးနဲ့ဖြတ်၊ ဘယ်မျဉ်းနဲ့ ဘယ်မျဉ်းကို ဆွဲတွဲချုပ်မလည်း ကြံဆရတယ်။ လက်ဝင်သလားမမေးနဲ့။ (ပလပ်စတစ် ဆာဂျရီ) ကို မသင်ခဲ့ရပေမယ် ဝါသနာပါတယ်။ မေ့ဆေးစက်မရှိလို့ ထုံဆေးနဲ့လုပ်ရတယ်။ ထုံဆေးထိုးလိုက်ရင် ဖေါင်းတက်လာမှာမို့ စကေးတွေ ပြောင်းတာကိုပါ ခေါင်းထဲထည့်ထားရတယ်။ အာခေါင်ကွဲတာကို မေ့ဆေးစက်နဲ့ မေ့ဆေးဆရာဝန်၊ ချွဲစုပ်စက်မရှိတဲ့ အရပ်မှာ ခွဲရတာ အလွန်မတန်လက်ဝင်တယ်။ ချွေးပြန်ရတယ်။ ခုခေတ်မှာ အတော်လွယ်တယ်။ ရလဒ်တွေတော ကောင်းပါတယ်။
ခုခေတ်ကလေးတွေ ကံကောင်းကြပါတယ်။ ကျွန်တော်တို့လိုဆရာဝန်မျိုးနဲ့ တွေ့စရာမလိုကြတော့ပါ။ ကံတရားဆိုတာ ဆန်းကြယ်တယ်။ မြန်မာပြည်သားတွေ ကံကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆
၂၉-၈-၂ဝ၁၇

No comments:

Post a Comment