Friday, September 1, 2017

Nuclear and Iodine pills နယူကလီယာဒဏ်နှင့် အိုင်အိုဒင်းဆေးပြား

လွန်ခဲ့တဲ့နာရီပိုင်းကသတင်းဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံ အာချန်ဒေသမှာနေထိုင်ကြသူတွေကို အိုင်အိုဒင်းဆေးပြားတွေ အခမဲ့ပေးမယ်။ အိမ်နီးချင်း ဘယ်လ်ဂျီယမ်မှာရှိတဲ့ နယူကလီယာဓါတ်ပေါင်းဖိုကနေ စိမ့်ထွက်နိုင်တဲ့ နယူကလီယာဒဏ်ကို ကာကွယ်ဘို့ဖြစ်ပါတယ်။ လူဦးရေ ၅ သိန်းကိုပေးမယ်။ ဂျာမဏီနဲ့ ဘယ်လ်ဂျီယမ်မှာ ရေယိုစိမ့်လို့ ပိတ်လိုက်ရတဲ့ အနုမြူဓါတ်ပေါင်းဖို ၇ ခုရှိတယ်။ ကွဲအက်မှုအသေးစားလေးတွေ တွေ့လို့လည်းဖြစ်ပါတယ်။ စစ်ဆေးတော့ အနုမြူ ယိုစိမ့်တာမရှိပါလို့ဆိုတယ်။ ဂျာမဏီမှာ ၂ဝ၂၂ ခုနှစ်ရောက်ရင် နယူကလီယာဓါတ်ပေါင်းဖိုတွေအားလုံးကို ပိတ်ပါမယ်။
Iodine အိုင်အိုဒင်းဆိုတာ အလွန်အသုံးကျတယ်။ စားစရာတွေမှာပါတယ်။ နည်းနည်းလေး နေ့စဉ်လိုအပ်တယ်။ ပင်လယ်ရေညှိမှာ အလွန်များတယ်။ လည်ပင်းကြီးလို့ ယေဘုယျခေါ်တဲ့ သိုင်းရွက်ဂလင်းကနေ အိုင်အိုဒင်းကိုအသုံးချပြီး ဟော်မုန်းထုတ်ပေးနေတယ်။ ဓါတ်ဆားနည်းရင် ဟော်မုန်းကို ပြည့်မီအောင်လုပ်ပေးရလို့ လည်ပင်းကြီးလာမယ်။ တောင်ပေါ်ဒေသနဲ့ မြစ်ကမ်းဘေးနေရာတွေမှာ အဖြစ်များတယ်။ ဟော်မုန်းမနည်းရင် လည်ပင်းကြီးတာသာရှိမယ်။
အိုင်အိုဒင်းနည်းရင် အမျိုးသမီးတွေမှာ မျိုးဥမထွက်နိုင်လို့ ကလေးမရဖြစ်နိုင်တယ်။ အော်တိုအင်မြူရောဂါလည်း ရတတ်တယ်။ ကင်ဆာအထိ စဉ်းစားရတယ်။ ကိုယ်ဝန်ရရင် မိခင်ရော ကလေးကိုပါ သက်ရောက်တာခံရတယ်။ သွေးတိုးမယ်။ ကလေးဥာဏ်ရည်နိမ့်မယ်။ ရုပ်ပိုင်းလည်း အားနည်းစေမယ်။
အိုင်အိုဒင်းဆေးပြားကို ကာကွယ်တဲ့အနေနဲ့ပေးတယ်။ Cutaneous sporotrichosis ခေါ် ဖန်းဂတ်စ်ရောဂါ၊ fibrocystic breast disease ရင်သားရောဂါ။ ရင်သားကင်ဆာ၊ မျက်စိရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ဆထုပ် ရတာအတွက်လည်း သုံးနိုင်တယ်။ ချောင်းဆိုးချွဲထွက်ဆေးထဲမှာလည်းထည့်တယ်။
Radiation emergencies ဓါတ်ရောင်ခြည်သင့်ရင် အရေးပေါ်ဆေးအဖြစ်သုံးတယ်။ သိုင်းရွိုက်ဂလင်းကို ကာကွယ်ဘို့ ဖြစ်တယ်။ Potassium iodide tablets (ThyroShield, Iosat) ကိုသုံးတယ်။ Povidone-iodine အိုင်အိုဒင်းဓါတ်ပေါင်းကို အနာဆေးထည့်ရာမှာ တွင်တွင်ကျယ်ကျယ်သုံးတယ်။ ရေသန့်ရာမှာလည်း သုံးတယ်။
ကလေး အသက် ၁-၃ နှစ် = 300 mcg နေ့စဉ်၊ ၄-၈ နှစ် = 600 mcg နဲ့ ၉-၁၃ နှစ် = 900 mcg per day ပေးတယ်။ ၁၈ နှစ်အထက် 1100 mcg ထက်မများရ။
အိုင်အိုဒင်း ဘေးထွက်သက်ရောက်မှုများ = ပျို့အန်၊ ဗိုက်အောင့်။ ခေါင်းကိုက်၊ သတ္တုနံ့ရ၊ ဝမ်းပျက်။
ဒေါက်တာတင့်ဆွေ
၁-၉-၂ဝ၁၇
Comment

No comments:

Post a Comment