Saturday, September 2, 2017

Liver အသည်း

အသည်းဟာ လူအတွက်မရှိမဖြစ်ပါ။ လူတိုင်းမှာ အသည်းတခုရှိတယ်။ ဝမ်းဗိုက်ရဲ့ အပေါ် ညာဘက်ပိုင်း နံရိုးအောက်မှာ ရှိတယ်။ (ဒိုင်ယာဖရမ်) ခေါ် ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုခြားထားတဲ့၊ အသက်ရှူရာမှာ အဓိကအလုပ်လုပ်နဲ ကြွက်သား ပြားပြား ခုံးခုံးကြီးရဲ့ အောက်မှာရှိတယ်။ ခန္ဓာကိုယ်မှာ အကြီးဆုံးအင်္ဂါဖြစ်တယ်။ (၃) ပေါင်လေးတယ်။ ဘယ်အသည်းနဲ့ ညာအသည်း နှစ်ခုတွဲနေတယ်။ ညာဘက်ခြမ်းက ကြီးပြီး၊ ဘယ်ဘက်ခြမ်းက သေးတယ်။ အသည်းထဲကို သွေး ၂ နေရာကနေ လာတယ်။ တမျိုးက သွေးလွှတ်ကြောကလာတဲ့ သွေးသန့်တွေနဲ့ အစာခြေလမ်းကြောင်းကနေလာတဲ့ အာဟာရဓါတ်တွေပါတဲ့ သွေးတွေဖြစ်တယ်။
အသည်း၏ ပင်မအလုပ်များ
1) Secretion စစ်ထုတ်ခြင်း၊
2) Synthesis of bile (ဗိုင်းလ်) ချက်ခြင်း၊
3) Synthesis of plasma protein (ပလာစမာ ပရိုတင်း) ချက်ခြင်း၊
4) Storage သိုလှောင်ပေးခြင်း၊
5) Detoxification အဆိပ်ဖြေပေးခြင်း၊
6) Excretion စွန့်ထုတ်ပေးခြင်း၊
7) Carbohyrate metabolism (ကာဗွန်ဟိုက်ဒရိတ်) ချက်ခြင်း၊
8) Lipid metabolism အဆီကို ချက်ပေးခြင်း၊
9) Protein metabolism (ပရိုတင်း) အား ချက်ပေးခြင်း၊
10) Filtering စစ်ပေးခြင်း၊
အရေးကြီးတာဝန်တခုက သည်းခြေရည်လမ်းစနစ်ဖြစ်တယ်။ အသည်းကအရည်နဲ့ သည်းခြေရည်ကလာတဲ့အရည်တွေ ထုတ်ပေးနေတယ်။ အစာခြေရာမှာ မရှိမဖြစ်အရေးပါတယ်။ စားသောက်လို့ပိုနေတဲ့ သကြားဓါတ်ကို (ဂလိုင်ကိုဂျင်) အဖြစ် အသည်းမှာ သိမ်းထားတယ်။
အသည်းမှာဖြစ်နိုင်တဲ့ရောဂါတွေကလည်း များတယ်။
1. Acute and chronic liver failure ချက်ချင်းနဲ့ နာတာရှည် အသည်းအလုပ်မလုပ်တော့ခြင်း
2. Alcoholic liver disease အရက်စွဲ အသည်းရောဂါ
3. Autoimmune hepatitis အော်တိုအင်မြုး အသည်းရောင်ခြင်း
4. Budd–Chiari syndrome ဘဒ်-ချီယာရီ ဆင်ဒရုမ်း၊
5. Cholangiocarcinoma (ကိုလန်ဂျီယို-ကာစီနိုးမား) ကင်ဆာ
6. Cirrhosis အသည်းခြောက်ရောဂါ
7. Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း
8. Hepatic encephalopathy အသည်းရောင်ကြောင့်ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှု
9. Hepatitis အသည်းရောင် (အေ)၊ (ဘီ)၊ (စီ)၊ (ဒီ) နဲ့ (အီး)၊ အမီးဘားဝမ်းကိုက်ပိုး။
10. Hepatocellular carcinoma အသည်းကင်ဆာ
11. Hepatoma အသည်းအကျိတ်
12. Liver abscess အသည်းပြည်တည်ခြင်း
ဂျွန်းဒစ်ခေါ် အသားဝါဆိုတာ အသည်းရောဂါတခုခုကနေဆက်ဖြစ်တယ်။ ဘီလီရူဘင်ခေါ် အင်ဇိုင်းမ် များနေမယ်။ တကိုယ်လုံးဝါနေမယ်။ ဆီးအရောင်ရင့်နေမယ်။ အစားအသောက်ပျက်မယ်။ ဝမ်းအရောင်ပျော့နေမယ်။ ဖျင်းစွဲတာလည်း တချို့ရောဂါမှာရှိမယ်။ အားယုတ်နေမယ်။ သွေးထွက်လွယ်မယ်။ ဗိုက်ညာဖက်အထက်နေရာ အောင့်မယ်။
ထူးခြားမှုတခုကတော့ အသည်းဟာ တကိုယ်လုံးမှာရှိသမျှအင်္ဂါတွေထဲမှာ အသစ်ပြန်ဖြစ်လာနိုင်စွမ်းရှိတယ်။ အဲတာကြောင့် အသည်းအစားထိုးဘို့လှူသူတွေအတွက် သက်သာရာရစေတယ်။
ဂရိဒဏ္ဍာရီထဲမှာ လူသားတွေကို မီးကိုပြလိုက်မိတဲ့ (ပရိုမီးသီးယပ်စ်) ဟာ ဘုရားကနေ အပြစ်ပေးခံရတယ်။ ကျောက်ဆောင်တခုမှာ ချည်နှောင်ထားခံရပြီး သူ့အသည်းကို ဠင်းတတွေ၊ စွန်တွေကို စားစေတယ်။ အစားခံရတဲ့ အသည်းက အသစ်ပြန်ဖြစ်တယ်။ (ပလေတို) ရဲ့ ဖီလော်ဆော်ဖီကတော့ အသည်းဟာ အမှောင်ဆုံးစိတ်လှုပ်ရှားမှုတွေရဲ့ တည်နေရာဖြစ်တယ်တဲ့။ အမျက်ဒေါသ၊ မနာလိုဝန်တိုမှုနဲ့ လောဘတရားတွေက အဲဒီကနေလာတယ်။
မြန်မာပြည်သားတွေ အသည်းကောင်းကြစေ။
ဒေါက်တာတင့်ဆွေ
၂-၉-၂ဝ၁၆
၂-၉-၂ဝ၁၇

No comments:

Post a Comment