Wednesday, March 29, 2017

Drip ဒရစ်ပုလင်း

ဆရာ Drip ပုလင်းတွေအကြောင်း သိချင်လို့ပါဆရာ။ ပြီးတော့ ဘယ်လိုအခြေအနေမှာ ဘယ်ဟာသုံးသင့်လဲဆရာ။

ဒရစ်လို့ခေါ်တာတွေက အမျိုးမျိုးရှိတယ်။ သွေးပြန်ကြောထဲသွင်းပေးရတာတွေကိုခေါ်တယ်။ အများဆုံးသုံးတာတွေက -
၁။ Dextrose Water = D/W ဒက်စထို့စ်သကြားဓါတ် + ရေ
၂။ Dextrose Saline = D/S ဒက်စထို့စ်သကြားဓါတ် + ဆားရည်
၃။ Normal Saline = N/S ဆား + ရေ
၎။ Ringer’s Lactate = R/L (ရင်ဂါလက်တိတ်) = ဓါတ်ဆားရည်
ဘယ်လိုလူကို ဘယ်တော့သွင်းပေးရမလည်း ပြောရတာကများတယ်။ R/L (ရင်ဂါလက်တိတ်) ဓါတ်ဆားရည်ဆိုရင် ဝမ်းလျှောတာ၊ အန်တာတွေကိုသာ သွင်းရတာများတယ်။ အငန်ဓါတ်နဲ့မသင့်သူတွေကို အငန်မပါတာ၊ အချိုဓါတ်နဲ့ မသင့်သူတွေကို အချိုမပါတာကိုလည်းကြည့်ရတယ်။ တချို့မှာ ပုလင်းထဲမှာပါနေတာကို လိုလို့မဟုတ်ပဲ သွေးပြန်ကြောထဲကို လိုအပ်တိုင်းဆေးထိုးပေးနိုင်ဘို့ရာ IV line (ဒရစ်) ပုလင်းချိတ်ပေးထားရတာလည်းရှိတယ်။
ဘယ်လောက်များများဆိုတာလည်းကြည့်ရတယ်။ ကာလဝမ်းလိုဖြစ်နေသူဆိုရင် RL ပုလင်းတွေတလုံးပြီးတလုံး၊ သွေးဖိအားပြန်မတတက်မချင်း (ရေ + ဆား ပြန်မပြည့်မချင်း) အများကြီးသွင်းရတယ်။ အဲတာမျိုးက နှေးရင် အသက်ဆုံးပါးနိုင်တယ်။ တခါတလေ ဘယ်ပြန်ညာပြန်တပြိုင်တည်းသွင်းပေးရတယ်။
သွင်းတဲ့ပုလင်းထဲကို ဗီတာမင်ထိုးဆေးထည့်သွင်းရင်တော့ အဲဒီဗီတာမင်ရမယ်။ ဗီတာမင်ဆိုတာ နည်းနည်းလေးနဲ့ အမြဲလိုနေတာ။ အစားအသောက်တွေထဲမှာ အားလုံးပါနေတာဖြစ်တယ်။ အစာလမ်းခွဲစိတ်ထားလို့ ပါးစပ်ကနေ မစားရသူမျိုးဆိုရင် တနေကုန်သွင်းပေးရတယ်။ မြန်လို့၊ များလို့မကောင်းသူတွေလည်းရှိပြန်တယ်။ နှလုံး၊ အဆုပ် အလုပ်ကောင်းကောင်းမလုပ်သူတွေနဲ့ ကလေးတွေကို များများနဲ့ မြန်မြန်ပေးမိရင် ဘေးဖြစ်စေနိုင်တယ်။
လူကြီးတယောက်မှာ သွေးထုထည် ၅ လီတာ (ဒရစ်ပုလင်း ၁ဝ လုံး) ရှိတယ်။ အမြဲတမ်းအဲလိုဖြစ်နေအောင် ခန္ဓာကိုယ်စနစ်ကနေ လုပ်ပေးနေတယ်။ ရုတ်တရက်နည်းသွားရင် အဲတာမျိုး သင့်တာတခုခုရွေးသွင်းပေးရတယ်။
သွေးသွန်လို့ သွေးမရနိုင်သေးခင်မှာ အသက်ဆက်ဖို့လည်းသွင်းရတယ်။ သတိထားဖို့က ၁ ပုလင်းစာ သွေးဆုံးရှုံးလို့ တပုလင်းသွင်းပေးရင် ထုထည်တော့ပြည့်မယ်။ သွေးကကျဲသွားမယ်။ အောက်စီဂျင်ဝမှာမဟုတ်ပါ။ သွေးလိုသူကို သွေးပဲပေးရတယ်။ မလိုအပ်ပဲသွင်းကြလည်း မကြာခဏတွေ့ရတယ်။ ပါးစပ်ကနေ ရေသောက်နိုင်သူ၊ သကြားစားနိုင်သူကို သွင်းပေးရင် သွင်းပေးပြီး ဆီးသွားချင်တာသာပိုမယ်။
သွေးပြန်ကြောထဲဆေးသွင်းကုသနည်းကို ၁၈၃၁ ခုနှစ်ကတည်းက Dr Thomas Latta of Leith ကနေ ကာလဝမ်းရောဂါ ကုသဘို့ စတင်သုံးခဲ့ပါတယ်။ ခုခေတ်မှာတော့ ကုသနည်းတွေများတယ်။
• Water and electrolytes ရေ၊ ဓါတ်ဆားတွေသွင်းနည်း၊
• Blood transfusion သွေးသွင်းနည်း၊
• Medicines ဆေးသွင်းနည်း (ဥပမာ ကင်ဆာဆေး) တွေပေးတယ်။
• Volume expanders သွေးထုထည်များစေဘို့ crystalloids နဲ့ colloids တွေသွင်းပေးတယ်။
• Blood-based products သွေးထဲကပစ္စည်းတွေခွဲထုတ်သွင်းပေးရတယ်။ ဥပမာ hemophilia ရောဂါရှိသူကို clotting factor သွေးခဲစေတဲ့ဖက်တာသွင်းပေးရတယ်။
• Blood substitutes သွေးအစားထိုးသွင်းပေးနည်းဆိုတာ သွေးအတုသွင်းပေးရတာဖြစ်တယ်။
• Buffer solutions အဖြစ် acidosis သို့ alkalosis ဖြစ်သူတွေကိုသွင်းပေးတယ်။
• Parenteral nutrition အစာအာဟာရဖြည့်ပေးနည်းသုံးရတယ်။
ဒရစ်သွင်းရင် သတိထားစရာတွေကလည်းများတယ်။
• Pain ဆေးသွင်းလို့နာတာ၊
• Infections ပိုးဝင်တာ၊
• Phlebitis သွေးပြန်ကြောရောင်တာ၊
• Infiltration / extravasation ဆေးက သွေးပြန်ကြောအပြင်ဖက်ရောက်တာ၊
• Fluid overload အရည်ထုထည် လိုတာထက်ပိုတာ၊
• Hypothermia ကိုယ်အပူချိန်ကျတာ၊
• Electrolyte imbalance ဓါတ်ဆားအချိုးအစားမမျှတာ၊
• Embolism သွေးကြောထဲသွေးခဲပိတ်တာ နဲ့ Air bubbles လေပိတ်တာ၊
Banana bag ငှက်ပျောသီးအိတ်ကို အခုနောက်ပိုင်းအသုံးများလာတယ်။ သွေးပြန်ကြောထဲသွင်းပေးရတဲ့ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပါတယ်။ တလီတာတအိတ်မှာ
Normal saline (sodium chloride 0.9%) ပုံမှတ်ဆားရေ
Thiamine ဗီတာမင်ဘီ-၁ 100 mg
Folic acid ဖေါလစ်အက်စစ် 1 mg
Multivitamin for infusion (MVI) ဗီတာမင်အစုံ 1 ampule
Magnesium sulfate မက်ဂနီဆီယမ် ဆာလ်ဖိတ် 3 g
အရေးပေါ်လူနာဌာနဲ့ အထူးကုသခန်းတွေမှာ သုံးရတာများတယ်။ ကြွက်သားတွေနာနေသူတွေနဲ့ နာတာရှည်လူနာတွေကို ပေးရတတ်တယ်။ အရက်နာကျသူတွေကို ပေးရတယ်။
လူနာအတော်များများက (ဒရစ်) သွင်းပေးရင် အားပြည့်သလို စိတ်မှာမှတ်ယူတယ်။ အဲတာလည်း ကုစားနည်းတခုဖြစ်လို့ အကျိုးတော့မယုတ်ပါ။
ဒေါက်တာတင့်ဆွေ

No comments:

Post a Comment