Wednesday, April 26, 2017

Circumcision ယောက်ျားပန်းအဖျား (သို့) ခွဲစိပ်ဆရာဝန်ဖြစ်ချင်ရင်
ခေါင်းစဉ်ဖတ်ပြီး ကျွန်တော့ကို ဆာဂျင်လို့မထင်ပါနဲ့။ ရိုးရိုးဆရာဝန်ပါ။ အစုံသုတ်လို့လဲခေါ်တယ်။ ဖျားတာနာတာ လာပါ၊ ခွဲစရာလဲ ခွဲပေး၊ မွေးစရာလဲ မွေး၊ ကလေး-လူကြီး၊ အပျို-အအို၊ အရိုးဆိုလဲရ၊ ၉၆ ပါးမကပါ။ ဒီရောဂါကို ဘယ်ဆရာဝန်မဆို လုပ်နိုင်ပါတယ်။ ဒါပေမယ့့်
ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို Foreskin (Prepuce) ခေါ်တဲ့ အရေပြားနဲ့ ဖုံးပေးထားတယ်။ ငယ်တုံးမှာ အတွင်းပိုင်း သွားကပ်နေတာကို အရွယ်ရောက်ချိန်မှာ အပေါ်ဆွဲတင်ရင် ပွင့်လာရပါမယ်။ ကလေးကို စမ်းကြည့်တာနဲ့ ဆွဲဖွင့်ရင် ပွင့်လာနိုင်ခြေကို သိတယ်။ အတင်းဆွဲဖွင့်မပေးရပါ။ အကုန် ဖွင့်မရရင်တော့ Phimosis ပန်းငုံနေတယ်လို့ ခေါ်တယ်။ ခွဲစိပ်ပေးရလိမ့်မယ်။
ဆီးသွာတဲ့အခါ ကလေးက မငိုဘူးဆိုရင် နဲနဲကြီးအောင် စောင့်နိုင်ပါတယ်။ အညစ်အကြေး အောင်းနေတတ်တယ်။ အဆီဥလေးတွေလဲ ဖြစ်လာတတ်တယ်။ အသာအယာ၊ လိုအပ်ရင် ထုံဆေးနဲ့ ရှင်းထုတ်ပေးရမယ်။ ပန်းခေါင်းလေး ပြာနေတာ တွေ့လာရမယ်။ သွေးကောင်းကောင်း မလျှောက်ခဲ့ရလို့ပါ။ လုပ်ပေးပြီး၊ ချက်ချင်းပြန်ကောင်းသွားမယ်။
ယောက်ျားလေးရဲ့ ပန်းအဖျား လှီးဖြတ်ပေးတာကို ဆေးပညာအရ လိုအပ်လို့ လုပ်ပေးရတာရှိသလို ဘာသာရေးအရ လုပ်ကြရတာလဲ ရှိတယ်။ ဂျူးတွေမှာ Commandment from God အရလုပ်ကြရပြီး၊ အစ္စလမ်တော့ ကိုရမ်မှာ မပါပေမဲ့ အများအားဖြင့် Sunnah လုပ်ရိုးလုပ်စဉ်တရပ်လို့ သတ်မှတ်ပြီး၊ တွင်တွင်ကျယ်ကျယ် လုပ်ကြပါတယ်။ အာဖရိကမှာလဲ ကက်သလစ်မဟုတ်တဲ့ ခရစ်ယန်ဘုရားကျောင်းများက လုပ်စေတာပါဘဲ။
သမိုင်းအရ ပြန်ကြည့်ရင် ဟိုရှေးရှေး ဘီစီ ၁၃၆ဝ အီဂျစ် ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့တယ်လို့ အရုပ်တွေကြည့်ပြီး သိရတယ်။ အဲဒီတုံးက ခေတ်စားခဲ့တဲ့ ယဇ်ပူဇော်မှု သဘောအရ ကြီးကောင်ဝင်တော့မဲ့ ယောက်ျားလေးကို ဒီလိုလုပ်ထားရင် အိမ်ထောင်ရေး ဖေါက်ပြန်မှု နည်းစေအောင်၊ မိန်းမတွေကို ဆွဲဆောင်မှု နည်းစေအောင်၊ သန့်ရှင်းရေး ဆိုတဲ့ ရည်ရွယ်ချက်တွေရှိမယ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
အာဖရိကတိုက်မြောက်ပိုင်းနဲ့ အာရေဗျကျွန်းဆွယ်မှာနေကြတဲ့ ရှေးဟောင်း Semitic လူမျိုးအားလုံးက အကုန်အစင် မဟုတ်တောင် အများက လိုက်နာ ကျင့်သုံးခဲ့ကြပါသတဲ့။ ဒါပေမဲ့ မဟာအလက်ဇန်းဒါးဒေသတွေကို အောင်နိုင်တဲ့အခါ ဂရိတွေက ဒီနည်းကို မကြိုက်လို့ အလေ့အထနည်းသွားစေခဲ့ပါတယ်။
တကမ္ဘာလုံးမှာ ၃ဝ% သော ယောက်ျားလေးများ ပန်းအဖျားလှီးဖြတ်ပေးတာ လုပ်ကြရတယ်တယ်။ အဲဒီအထဲက ၇ဝ% ကတော့ မွတ်ဆလင်များ ဖြစ်ပါသတဲ့။ ၁၉၃၄ ကတည်းက Gomco clamp ကိရိယာကိုသုံးတယ်။ မွေးစကလေးအတွက် Plastibell ကိရိယာဆိုတာကို ၁၉၅၉ ကတည်းက သုံးတယ်။ ပလပ်စတကွင်းလေးတခုပါ။ အခု ကိရိယာတွေမသုံးဘဲ ခွဲစိပ်တာက ပိုများပါတယ်။
ဘာသာရေးအရ လုပ်ကြရာမှာ ရှေးကဆိုရင် အသုံးအဆောင် ကိရိယာတွေကို ခန့်ညားလှတဲ့ သားရေဖုံးသေတ္တာနဲ့ ထည့်တယ်။ ဂျူးတွေကတော့ ငွေထည်တွေ သုံးပြီး၊ သတ်မှတ်ထားတဲ့ဝတ်စုံတွေ ဝတ်ရတယ်။ ၈ ရက် မြောက်နေ့မှာ လုပ်ရတယ်။ မလုပ်ဘဲ သေသွားသူကိုတောင် မသာမချခင် လုပ်ပေးတာလဲ ရှိတယ်။ တချို့က အကအခုန်တွေတောင် ပါတာသေးတာ။
ဆာကမ်ဇေးရှင်းကို အဆိုး-အကောင်း၊ လုပ်သင့်-မသင့် ငြင်းနေကြပါတယ်။ ပန်းဖြတ်လို့ မကောင်းကျိုးဆက်ရတာကို လေ့လာရင် ကိန်းဂဏန်း အမျိုးမျိုးတွေ ရှိတယ်။ ဝ့ဝ၆% ကနေ ၅၅% အထိ။ သွေးယိုတာနဲ့ ပိုးဝင်တာ။ နေရာဒေသတော့ ကွာပါတယ်။ ၁၉၉၉ က နိုက်ဂျီရီးယားမှာ ကလေး ၄၈ ယောက်ကို ဆန်းစစ်တော့ သွေးယိုတာ ၅၂%၊ ပိုးဝင်တာ ၂၁% တောင်ရှိတယ်။ အမေရိကားမှာ ကလေးပေါင်း ၃၅၄၂၉၇ ယောက်ကို လေ့လာတော့ ဝ့ဝ၁ ကနေ ဝ့ဝ၂% ရှိတယ်လို့ ထုတ်ပြန်တယ်။ အခုပြောနေတာတွေက လက်ငင်း ဆိုးကျိုးတွေသာဖြစ်ပြီး၊ ရှာရှားပါးပါး နောင်မှာ ဖြစ်နိုင်တာတွေလည်း ရှိသေးတယ်။ တရှူးတွေ ရောင်တာ၊ သွေးမလျှောက်တာနဲ့ အမာရွက်ဖြစ်တာ၊ ထိပ်ဝကျဉ်းသွားတာ။ တခြားဟာတွေလဲ ရှိသေးတယ်။
ယောက်ျားရဲ့ ပန်းဖျားဖြတ်ပေးလို့ လိင်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိတယ်၊ မရှိဘူးလဲ ငြင်းကြတာဘဲ။ ၁၉၉၉ မှာ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ ပြောတာက၊ လိင်ဆက်ဆံရေးမှာ ထိခိုက်မှု အနည်းနဲ့အများ ရှိနိုင်သတဲ့။ ၂ဝဝ၂ မှာ သုတေသန တခုက မိမွေးတိုင်းရှိတဲ့ ကျားအင်္ဂါမှာ ထောင်ချီတဲ့ အာရုံကြောတွေ ရှိနေတာကို ပန်းဖြတ်တာ လုပ်လိုက်လို့ ပျက်စီးသွားစေတယ်လို့ ဆိုတယ်။ အမေရိကန် မိသားစုဆရာဝန်များ အသင်းကတော့ ၂ဝဝ၇ မှာ ဒါ မရေရာပါဘူးတဲ့။ ဘာလို့လဲဆိုတော့ ပန်းဖြတ်ပေး လိုက်ရင် ပန်းထိပ်ဖျားက ထူသွား၊ ထုံသွားတယ်။ အာရုံခံ နည်းသွားစေတယ်။ ဒါပေမဲ့ ကျေနပ်မှုကို သွားမသက်ရောက် ပါဘူးတဲ့။ ၂ဝဝ၆ မှာ ဗြိတိန် BMA က ပြောတာကတော့ ပန်းဖြတ်ရလို့ ခွဲစိပ်ရတာဟာ ဆေးပညာ အရရော စိတ်ပိုင်းပါ သက်ရောက်မှု ရှိတယ်တဲ့။
အရေပြားဖြတ်ရာမှာ များသွားတာနဲ့ နည်းသွားတာ ဖြစ်တတ်တယ်။ များတာလဲ မကောင်း၊ နည်းတာလဲ မကောင်းပါ။ ကာကွယ်မှုနဲ့ စိုစွတ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ခွဲစိပ်ပြုပြင်ပြီးတာနဲ့ ပြန်ဆွဲဖုံးလိုက်ရင် ၃ ပုံ ၁ ပုံ အုပ်နေမှ ကောင်းတယ်။ အပေါ်ဖုံးအရေပြားရဲ့ အောက်ပိုင်း။ အလယ်တည့်တည့်မှာ လိင်တံရဲ့ခေါင်းကို လာဆက်ထားတဲ့ နေရာကို Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner's corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ ထောင်နဲ့ချီ ရှိတယ်။ အရေပြားဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ချန်ထားမှ ကောင်းပါတယ်။ ဖြတ်ပြီးပြီးချင် ကြည်လိုက်ရင်တော့ အဖုအထစ် ရှိနေသလို မြင်ရပေမဲ့ ချန်ထားတာ နောင်အတွက် ကောင်းတယ်။
ဖြတ်ပေးတာ နည်းရင်လဲ ကုပေးတာ အရာ မရောက်ဘူး။ ထပ်လုပ်ချင် လုပ်ရတတ်တယ်။ သိပ်ငယ်တဲ့ ကလေးကို လုပ်ရရင် ဘယ်လောက် ဖြတ်ထုတ်မလဲ ဆုံးဖြတ်ရတာ ပိုခက်တယ်။ ထုံဆေးနဲ့ခွဲရင် ကလေးက ငြိမ်နေတာ မဟုတ်လို့ ပို ခက်တယ်။ မေ့ဆေးပေးတာလဲ အထူးဂရုစိုက်ရတဲ့ အရွယ်ပါ။ ခွဲစိပ်အပြီး သန့်ရှင်းရေးနဲ့ ဆေးထည့်တာလဲ အရေးပါတယ်။ ခွဲပြီး ဂရုအစိုက် နည်းရင် မကျက်သေးတဲ့ အရေပြားတွေက မတော်တဲ့ နေရာချင်း သွားဆက်နေရင် တံတားလို ဖြစ်သွား တတ်သေးတယ်။
ပန်းငုံတာဖြတ်ခြင်းနဲ့ HIV အကြောင်း သိသင့်တယ်။ ပန်းငုံတာဖြတ်ပေးရင် လိင်တံပတ်ဝန်းကျင်မှာ နေတတ်တဲ့ (ဗက်တီးရီးယား ကွန်မြူနတီ) ကို ပြောင်းလဲစေတာမို့ HIV ကို ကာကွယ်ရာ ကျတယ်လို့ ဆိုတာတယ်။ Translational Genomics Research Institute နဲ့ Johns Hopkins University တွေက သုတေသန လုပ်ထားတယ်။ အကြောင်းနဲ့ အကျိုး ဆက်စပ်မှု ဆိုတာ ပန်းငုံတာ ဖြတ်ခြင်းနဲ့ HIV မှာ သိသာတယ်တဲ့။ စမ်းသပ်တာကလဲ ပန်းငုံတာ ဖြတ်တာ အလေ့နည်းပြီး၊ HIV အဖြစ်များလှတဲ့ ဆာဟာရ အောက်ပိုင်း နေရာတွေမှာ။ သက်သာတာ ၄ဝ% ရှိတယ်။ ဆိုချင်တာက ပန်းငုံဖြတ်သူ ယောက်ျားထဲမှာ ၁ဝဝ ဆို ၄ဝ က HIV အဖြစ် နည်းတယ်။ ဘာလို့လဲဆိုတော့ အဲလို ပန်းအရေပြား ဖြတ်ပေးတာကြောင့် ဗက်တီးရီးယားတွေရဲ့ Ecosystem ပြောင်းသွားလို့တဲ့။ ဒီတော့ ယောက်ျား လုပ်သူကနေ သူနဲ့ ဆက်ဆံတဲ့ မိန်းမမွေးလမ်း ပိုးဝင်တာ နည်းသွားစေလို့တဲ့။ လေမကြိုက်တဲ့ ဗက်တီးရီးယား Anaerobic bacteria တွေကို ရှင်းပြစ်ရာကျတယ်။ ကပ်ကပ်သပ်သပ် စဉ်းစားကြည့်ရင် မြူးကပ်စ်ထွက်တဲ့ အပေါ်ဖုံး Mucosal tissue က နည်းသွားလို့ ဆက်ဆံနေတုံး မိန်းမကိုယ်က ထွက်တဲ့ အရည် Vaginal secretions နဲ့တွေ့ဘိုလဲ နည်းစေတယ်။ ဒါ့ကြောင့် ရှိချင်ရှိနေမဲ့ ဗိုင်းရပ်စ် နဲ့ Target immune cells ခုခံအား ဆဲလ်တွေ အပြန်အလှန်ပြုတာလဲ နည်းစေတယ်။
ပန်းအဖျားခွဲစိပ်လိုက်တာကြောင့် ပန်းကို ထိပ်ဖျားမှာဖုံးနေတဲ့ အရေပြားအောက်လွှာ Inner foreskin ဟာ မာကျောလာတယ်။ Keratinization ဖြစ်တာလို့ ခေါ်တယ်။ ဒါကြောင့် Target immune cells ကို ကာကွယ်မှု ပိုရစေတယ်။ နောက်ပြီး အဲလိုဖြတ်လိုက်လို့ စိုစွတ်မှုနည်းပြီး လေပိုရစေလို့ လေမကြိုက်တဲ့ပိုး Anaerobic bacteria တွေနည်းစေတယ်။ ဒီအကောင်တွေရှိနေရင် Target immune cells တွေကို HIV ဒဏ် ခံရစေနိုင်တယ်။ ဗက်တီးရီးယား အဆိုးနဲ့ အကောင်း အရေအတွက် ပြောင်းသွားစေပါသတဲ့။ ၂ဝဝ၈ ခုနှစ်က ထုတ်ပြန်ချက်တွေအရ HIV ရတာကို သိသိသာသာ နည်းစေတယ်လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်နည်းက နဲနဲသာ အကာအကွယ်ပေးနိုင်လို့ တခြား ကာကွယ်နည်းတွေကို အစားထိုးလို့ မသင့်ဘူလို့ ဆိုပါတယ်။
မိန်းကလေးတွေကို လုပ်ပေးတာလဲ အာဖရိကားမှာ လုပ်နေကြတာ ကြာလှပါပြီ။ မိန်းကလေးရဲ့ မ-အင်္ဂါကို လှီးဖြတ် ထုတ်ပြစ်တာပါ။ ဒီနည်းမှာလဲ အမျိုးမျိုး။ အစိနေရာကို လှီးထုတ်တာ ရှိသလို၊ နှုတ်ခမ်းသားကို ထုတ်တာလဲ ရှိတယ်။ ၁၉၇၉ ရောက်မှ ကျန်းမာရေး ရှုဒေါင့်ကနေ ပြောဆို လာကြရတယ်။ အခုလဲ မပျောက်သေးပါဘူး။ ဆေးပညာအရပြောရရင် မလုပ်သင့်တာပါ။ အခွင့်အရေးသမားတွေ ပြောနေတာက သဘာဝကျပါတယ်။
ဒီ (အော်ပရေးရှင်း) က (ဗဲရီး-မိုင်နာ)ပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကိုသာ အားကိုးပါ။ ရှေ့နေပျိုမှ၊ သမားအိုမှ ဆိုတာ ရှိတယ် မဟုတ်လား။ အတွေ့အကြုံများတဲ့ သူတွေက အသေးစိပ်ကအစ ကြိုမြင်တတ်တယ်။ ခွဲစိပ်ဆရာဝန် တယောက်ရဲ့ ရှိအပ်တဲ့ အရည်အသွေး (၃) ရပ် ပြောစမှတ်ရှိတယ်။ မိန်းမလ်လို ညင်သာသိမ်မွေ့ရမယ်။ သိန်းငှက်တို့ မျက်စိလို စူးရှပြီး မြင်နိုင်စွမ်းကောင်းရတယ်။ နောက်ဆုံး ခြင်္သေ့တို့ထုံး နှလုံးမူဆိုတာ ပိုအရေးကြီးတယ်။ သားကောင်ကို ဖမ်းရင် သားကောင်အကြီးစားကို စိုက်ထုတ်တဲ့လုံ့လနဲ့ ယုန်ကလေးကို စိုက်ထုတ်ရတဲ့လုံ့လ အတူတူထားရတယ်၊ (မိုင်နာ-အော်ပရေးရှင်း) ဆိုပြီး ခပ်ပေါ့ပေါ့ မလုပ်ရဘူး။
ဆရာဝန်၊ ဆေးကျောင်းသားတွေဆိုရင်တော့ ကျွန်တော့်ထက် တော်တဲ့ တတ်တဲ့ခွဲစိတ်ဆရာဝန်သင်ကြားတာကိုသာ လိုက်နာကြစေချင်ပါတယ်။ ဒါမှသာ ကျွန်တော့်ထက် ပိုတော်မယ်။
ဓါတ်ပုံ = ၁၇-၁-၂ဝ၁၂ ယမုန်နာဆေးခန်းမှာ ကလေးငယ်ယောက်ရဲ့ ပန်းအဖျားကို ခွဲစိတ်ပြုပြင်ပေးခဲ့စဉ်
Dr. တင့်ဆွေ

No comments:

Post a Comment