Saturday, April 29, 2017

Surgical Adhesion ခွဲစိပ်ရရင် တွယ်ကပ်မှုဖြစ်တယ်

ဗိုက်ခွဲရသူတိုင်းအတွက်စာဖြစ်ပါတယ်။
သမီးအသက်က ၂၁ နှစ်ပါဆရာ။ မန္တလေးတိုင့်း့ မှာနေပါတယ်ဆရာ။ Tuberculous Peritonitis ရောဂါမျိုးက ဆေး (၇) လတည်းသောက်ရုံနဲ့ ပျောက်နိုင်ပါသလား။ ဆရာမက သလိပ်အဖြေကတခုတည်းနဲ့ ဆေးကိုရပ်လို့ရပြီလို့ ပြောပါတယ်ဆရာ။ ဒီလိုရောဂါမျိုးက ၉ လ ၁ နှစ်ဆေးစားမှ ပျောက်တာလား။ ခုလို ၇ လတည်းနဲ့ ရောပျောက်တဲ့သူ ရှိပါသလားဆရာ။ ခုရက်ပိုင်းတွင်းအသက် ပြင်းပြင်းရှုလိုက်ရင် ညာဘက်နံရိုးဘေးက တခါတရံ စူးပြီး နာနေပါတယ်ဆရာ။ အဲဒါ သမီးဆေးရပ်လိုက်တာနဲ့များ ဆိုင်ပါသလားဆရာ။ စိုးရိမ်ရပါသလားဆရာ။ အစက ၉လလို့ ပြောပေမဲ့ ၇လတည်းပဲ ဆေးစားရတော့ ပျော်ပေမဲ့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေလို့ မေးလိုက်တာပါဆရာ။ သမီးညာဘက် နံရိုးက ဗိုက်ခွဲပြီးနောက်ပိုင်း ဇောချွေးတွေပျံတဲ့တွက် သေမတက် နာကျင်မှုဝေဒနာ ခံစားဖူးပါတယ်။ ဆေးခန်းသွားပြီ ဆေးထိုးလိုက်ရင် ချက်ချင်းသက်သာပါတယ်ဆရာ။ ပထမတခါနာတုန်းက ဗိုက်ခွဲပြီး တလလောက်အကြာမှာပါဆရာ။ နောက် ၃ လ ၄ လလောက်ကြာတော့ ဒုတိယအကြိမ်ထပ်နာပါတယ်ဆရာ။ အဲတုန်းက ဆရာဝန်က ခွဲထားတဲ့ ဒဏ်ရာကြောင့်ဖြစ်တာ စိုးရိမ်စရာလို့ပြောပါတယ်ဆရာ။ နောက်ဆုံး March 15 ရက်နေ့က အဲလို တခါပြန်နာပြန်တော့ ကျောက်ကပ်ကြောင့် နေမှာလို့ ပြောတာနဲ့ 16.3.16မှာ Ultrasound ရိုက်ခဲ့တော့ ကျောက်ကပ် မဟုတ်ဘူး ခွဲထားတဲ့ ဒဏ်ရာကြောင့်နာတာလို့ပဲ ပြောပါတယ်ဆရာ။ အခု သမီးနာနေတာက အဲတုန်းကလောက် မဆိုးပေမဲ့ တချက်တချက် အသက်ပြင်းပြင်း ရှုထုတ်လိုက်ရင် တင်းပြီးစူးနေပါတယ်ဆရာ။
Tuberculous Peritonitis ဗိုက်တီဘီရောဂါကို တီဘီဆေး (၆) လနဲ့ပျောက်ကင်းနိုင်ကြောင်း မနေ့ကပဲဖြေခဲ့ပါတယ်။ ခွဲစိပ်တာ ဘာအတွက်ခွဲရသလည်း မသိပါ။ ဗိုက်တီဘီကြောင့် အူတွေနဲ့ အူမြှေးတွေတွယ်ကပ်မှုဖြစ်နိုင်တယ်။ ဆေးသောက်လို့ ပိုးတွေကင်းပြီးရောဂါပျောက်ပေမယ့် အမာရွတ်ဖြစ်စဉ်ကြောင့် တွယ်ကပ်မှုဖြစ်နိုင်တယ်။ သီအိုရီတွေကို ပြောတာသာ ဖြစ်တယ်။ မေးတဲ့သူမှာ အဲတာဖြစ်နေတယ်လို့ပြောတာ မဟုတ်ပါ။ စာတပုဒ်ပို့ပါတယ်။
ဗိုက်ခွဲတိုင်း ကလေးမွေးတာဖြစ်ဖြစ်၊ အစာအိမ်ပေါက်တာဖြစ်ဖြစ် တခါခွဲရင်တခါ အထဲမှာ တွယ်ဆက်မှုလေးတွေ ဖြစ်တယ်။ ခွဲလို့အနာဖြစ်ရာနေရာတိုင်းက မကျက်သေးခင် အနီးအနားက တစ်ရှူးတွေကို တွယ်ကပ်ကြတယ်။ အတန်းလိုက်တွေ၊ ပင့်ကူအိမ်လိုတွေဖြစ်တယ်။ ဒီအရာတွေကို နောက်တကြိမ်ခွဲရရင် ရှင်းပေးရတယ်။ တချို့ဆိုရင် ဗိုက်စဖွင့်တာနဲ့ ခွဲရာဟောင်းက အထဲကအင်္ဂါတွေတွယ်ကပ်နေတာကို အရင်ရှင်းရတယ်။ ခွဲစိပ်ပြီးရင် (ခီးမို့စ်)၊ (ခိုင်မရော) ဆိုတဲ့ ဆေးတွေကို ပေးကြတာက ဒါမျိုးမဖြစ်အောင်လို့။ ဒါပေမဲ့ ထိရောက်မှုမှာတော့ ဆရာဝန်တွေ အမြင်မတူကြပါ။ တွယ်ကပ်မှု ဖြစ်တာကလဲ တယောက်နဲ့တယောက် မတူကြဘူး။ ဒဏ်ရာရလို့ အမာရွတ် ထင်သူနဲ့ မထင်သူလိုမျိုး ကွာတယ်။
ခွဲစိပ်ကုသနည်းဟာ ရောဂါတွေကို ပျောက်စေ၊ သက်သာစေပြီး အသက်တွေကို ကယ်နိုင်တယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်မှာတွေရှိတယ်။ အဲဒါတွေထဲကတမျိုးဟာ ခွဲတဲ့နေရာအနီးအနားမှာ Adhesion တွယ်ကပ်မှုဆိုတာ ဖြစ်လာနိုင်တယ်။ ဒီလိုတွယ်ကပ်မှုဆိုတာ ကိုယ်ခန္ဓာရဲ့ အနာကျက်ဖြစ်စဉ်ရဲ့ အစိပ်အပိုင်းသာဖြစ်တယ်။ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ ခွဲစိပ်တာအပြင် ပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ဓါတ်ကင်လို့လဲ ဖြစ်လာစေနိုင်တယ်။ ဗိုက်၊ တင်ပါးဆုံတွင်းနဲ့ နှလုံးနေရာတွေမှာ အများဆုံးဖြစ်တယ်။
တင်ပါးဆုံတွင်းမှာဖြစ်တာလဲ မနည်းပါ။ သားအိမ်။ သားအိမ်ပြွန်၊ မျိးဥအိမ်၊ ဆီးအိမ်တွေကြား တွယ်ကပ်မှုတွေဖြစ်နိုင်တယ်။ ဗိုက်ခွဲကလေးမွေးတာနဲ့ သားအိမ်ထုတ်ရတာတွေကနေ အများဆုံးဖြစ်တယ်။ ခွဲစိပ်တာအပြင် တင်ပါးဆုံတွင်းအင်္ဂါတွေ ပိုးဝင်လို့လဲ ဖြစ်နိုင်တယ်။ အများဆုံးက လိင်ကတဆင့်ကူးစက်ရောဂါ ဖြစ်တယ်။ သားအိမ်ပြွန်မှာဖြစ်ရင် ကလေးမရတာအထိ ဖြစ်လာနိုင်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာလဲဖြစ်နိုင်တယ်။ နှလုံးမှာလဲ နှလုံးကိုဖုံးထားတဲ့ အိတ်မှာတွယ်ကပ်မှုဖြစ်တတ်တယ်။ လေးဘက်နာအဖျားကနေ ဖြစ်နိုင်တယ်။
ခွဲစိပ်ပြီးနောက် ရက်ပိုင်းအတွင်းလေးမှာစဖြစ်တယ်။ ဖြစ်လို့ခံစားရတာတွေကတော့ နှစ်နဲ့အထိကြာနိုင်တယ်။ အဆိုးဆုံး ဖြစ်နိုင်တာက အူပိတ်တာနဲ့ အစာလမ်းကို သွေးမလျှောက်တာတွေဖြစ်တယ်။ ဖြစ်နေသူတွေမှာ အသဲအထက်မှာ ဖြစ်ရင် အသက်ရှူရင်နာမယ်။ အမျိုးသမီးမွေးလမ်းမှာဖြစ်ရင် အတူနေတာမှာ မနာသင့်ဘဲနာနိုင်တယ်။ နှလုံးမှာဖြစ်နေရင် ရင်ပတ်နာမယ်။ ဗိုက်အောင့်ရာ နာရာကနေ အန်ချင်တယ်။ အစာမကျေဖြစ်မယ်။
ဘယ်လိုကုသရမလဲဆိုတာ ဘယ်နေရာမှာ ဘာဖြစ်နေသလဲအပေါ်မူတည်တယ်။ အနာသက်သာဆေး၊ ပိုးသေဆေးတွေ ပေးရတယ်။ လိုအပ်ရင်ခွဲစိပ်ပေးရတယ်။ Adhesions Surgery ခွဲစိပ်နည်းမှာလဲ Laparoscopy ကိရိယာသုံးနည်းနဲ့ Laparotomy ဗိုက်ပြန်ဖွင့်နည်းရှိတယ်။
ဗိုက်ခွဲပြီးနောက်မှာ နာနေသေးသူတိုင်းတော့ အဲလိုမဖြစ်ပါ။ နာတာအတွက် အနာသက်သာဆေးသာ အရင် သောက်သင့်ပါတယ်။ Paracetamol, Ibuprofen စတဲ့ဆေးတွေဖြစ်ပါတယ်။ Buscopan စားဆေးလဲ သုံးနိုင်ပါတယ်။ ကြာလေ သက်သာလေကိုလည်း မျှော်လင့်နိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇
LikeShow more reactions
Comment

No comments:

Post a Comment