Thursday, January 11, 2018

D3 and Super K နာမည်ကြီးနေတဲ့ဆေးဆိုတာ ဘာလဲ

မင်္ဂလာပါဆရာရှင့် ကျွန်မ အဖေကအသက် ၆၂နှစ်ပါ။ သွေးတိုး ဆီချိုရောဂါရှိပါတယ်။ FB မှာနာမည်ကြီးနေတဲ့ အားဆေး ဖြည့်စွက်စာလို့လည်းပြောတဲ့ D3 နဲ့ Super K နှစ်မျိုးကို သောက်မလို့ဆိုပြီး ၀ယ်လာပါတယ်။ ကျွန်မကတော့ အဲ့ဒီဆေးတွေအကြောင်းလည်း သေချာမသိတော့ အဖေ့ရောဂါတွေနဲ့ မတည့်မှာလည်းစိုးရိမ်ပါတယ်ရှင့်။ အဖေကတော့ ပြောလို့မရပါဘူး သောက်နေပါပြီ။ အဲ့ဒါကြောင့် ဆရာအနေနဲ့ ဆေးအကြောင်းကောင်းကျိုး ဆိုးကျိုးလေးတွေကို မျှဝေပေးပါဦးဆရာရှင်။့ ကျွန်မကိုလည်း အဖေက အတင်းသောက်ခိုင်းပါတယ် ကျွန်မက အသက်၃၅နှစ် အိမ်ထောင်နှင့် သားတယောက်ရှိပါတယ်။ ကျေးဇူးပြုပြီး ဆေးအကြောင်းလေးရှင်းပြပေးပါဆရာ။ ကျေးဇူးပါဆရာ။

ခဏခဏရေးရတယ်။ FB မှာနာမည်ကြီးနေတဲ့ဆိုတာ လူ ၂ယောက်ထက်ပိုပြောတာကိုခေါ်တယ်။ D3 ဆိုတာ ဗီတာမင်ဒီနဲ့ Super K ဆိုတာ ဗီတာမင်ကေဖြစ်တယ်။ ဗီတာမင်ဒီဟာ အရိုးတည်ဆောက်ဘို့အသုံးဝင်တယ်။ ဗီတာမင်ကေကို တချို့ သွေးထွက်ရောဂါအတွက်ပေးတယ်။ ဗီတာမင်ဒီနည်းတဲ့လူကြီးတွေမှာ Osteomalacia အရိုးအားနည်းရောဂါရနိုင်တယ်။ အရိုးတွေနာမယ်။ ကြွက်သားတွေ ကိုက်ခဲနေမယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ် အချိုးအဆတော့ မှန်ရပါမယ်။ ကယ်လ်စီယမ် များလွန်းရင် နှလုံးနဲ့ ကျောက်ကပ်ကိုထိခိုက်စေမယ်။ အရင်က မေးကြလို့ ဗီတာမင်ဒီအကြောင်း ရေးထားတယ်။

ဆရာရှင့် မင်္ဂလာပါ။ အခု fb ပေါ်မှာ ဆရာဝန်မကြီးတယောက်ရဲ့အာဘော်ကြောင့် ကင်ဆာလူနာတော်တော်များများ Vitamin D3 ကို တနေ့ 10000IU နဲ့ Vitamin K ကိုမဖြစ်မနေသောက်သုံးရမယ်ဆိုပြီး သောက်နေကြတာတွေ့ရပါတယ်။ နောက်ထပ် recurrence ပြန်မလာအောင်လို့ပြောပါတယ်။ အဲ့ဒါဟုတ်ပါသလား။ ကျွန်မတို့ ကင်ဆာကုသပြီးသူ လူနာတွေအနေနဲ့ တကယ်ပဲသောက်သင့်ပါသလား။ ကျွန်မတို့ကိုကုသပေးတဲ့ စင်ကာပူက ဒေါက်တာတွေလဲမညွှန်ကြားလို့ ဒွိဟဖြစ်နေရပါတယ်။ ကျေးဇူးပြုပြီးဖြေကြားပေးစေချင်ပါတယ်ရှင်။

ဗီတာမင် (ဒီ) သည် အဆီတွင်ပျော်ဝင်သော စတီရွိုက်ဖြစ်သည်။ နေရောင်ခြည်သည် ဗီတာမင် (အေ) အား အရေပြားတွင် အလိုအလျောက် (ဒီ) ဖြစ်အောင်ပြောင်းပေးသဖြင့် နေရောင်သင့်တင့်စွာရနေသူများအဖို့ ဗီတာမင် ဒီ သောက်စရာမလိုပါ။ ဗီတာမင် ဒီတွင် ၁-၂-၃-၄-၅ ဟူ၍ ၅ မျိုးရှိသည်။ ၂ နှင့် ၃ ကပိုအရေးပါသည်။ calciferol ဟုလည်း ခေါ်သည်။

ကယ်လ်စီယံနှင့် ဖေါ့စ်ဖါးရပ်စ်ဓါတ်ဆားများ ပျော်ဝင်သွားအောင်နှင့် အူမှစုပ်ယူစေရန် ဗီတာမင် ဒီ ကလုပ်ပေးသည်။ အရိုးအတွက်ကောင်းသည်။ နည်းနေပါက ကြွက်တက်ခြင်းဖြစ်စေမည်။ ခုခံအားအတွက်လည်း ပါဝင်သည်။ ဗီတာမင် ဒီ နည်းလွန်းပါက ငယ်လွန်းသည့်ကလေးများတွင် အရိုးပြော့ Rickets ရောဂါနမည်။ အရိုးများ ပြော့နေပြီး ကောက်ကွေးနေနိုင်သည်။ လူကြီးများဖြစ်ပါက Osteomalacia နှင့် Osteoporosis တို့ဖြစ်မည်။ အရိုးကျိုးလွယ်မည်။

အသက် ၁၃ နှစ်အောက် 5 mcg (200 IU) မှစ၍ အသက်ကြီးသူများအား 10 mcg (400 IU) နှင့် ၇ဝ ကျော်များအား 15 mcg (600 IU) ပေးသင့်သည်။ နေရောင်မရသူများအား တနေ့လျင် 25 μg (1000 IU) ပေးသင့်သည်။

ဗီတာမင်ဒီကြွယ်ဝသည့်အစားအစာများမှာ ငါးဖြစ်သည်။ ငါးကြီးဆီ၊ အမဲအသဲ၊ ဒိန်ခဲ၊ ကြက်ဥအဝါ တို့တွင်လည်း ပေါကြွယ်သည်။

အရိုးကျိုးကာကွယ်ဘို့ရာ Vitamin D 400-1,100 IU ပေးတယ်။ Vitamin D2 300,000 IU ကို တနှစ်တခါ၊ ၃ နှစ်ကြာ သွေးထဲထိုးပေးတယ်။ ဗီတာမင် (ဒီ) နည်းနေတဲ့ရောဂါအတွက် တနေ့မှာ အနည်းဆုံး 1,000 IU (25 micrograms) ပေးတယ်။ ဒိထက်များပြီး နေ့စဉ် Vitamin D 50,000 IU နဲ့ ၆ ပါတ်ပေးပြီး စမ်းသပ်မှုလုပ်တာရှိတယ်။ Vitamin D 300,000 IU ကို ၆ ပါတ်တခါ၊ တနှစ်မှာ ၃ ကြိမ်။ အူမကြီးကင်ဆာနဲ့ နှလုံးသွေးကြောရောဂါတွေကို ကာကွယ်ဘို့ နေ့စဉ် 1,000 IU ပေးတယ်။ ဆီးချို (၂) အတွက် 400-5714 IU ကို ၂ လကနေ ၇ နှစ်အထိပေးတယ်။ Vitamin D2 ၄ လတခါ 100,000 IU ၂၆ ပါတ်ကြာ။ ဒါမှမဟုတ် နေ့စဉ် Vitamin D3 10 micrograms နဲ့ ၂၄ လကြာပေးတယ်။ သွေးတိုးအတွက် Vitamin D 400-8,571 IU ပေးတယ်။ သွေးထဲ ကယ်လ်စီယမ်နည်းနေသူကို Calcitriol 0.25 micrograms နဲ့ ၄-၈ ပါတ်ကြာ။ ဟိုက်ပိုပါရာသိုင်းရွိုက်ရောဂါအတွက် Dihydrotachysterol 0.75 milligrams ကနေစပေးပြီး 2.5 milligrams အထိတိုးပြီး ရက်ကြာကြာ ပေးတယ်။ သက်သာရင် 0.2-1 milligram နေ့စဉ် ပေးတယ်။ ဒါမှမဟုတ် Ergocalciferol 50,000-200,000 IU + Calcium lactate 4 grams of ကို တနေ့ ၆ ကြိမ်လဲ ပေးနိုင်တယ်။ စိတ်မူရောဂါအတွက် 400-800 IU နေ့စဉ် ၁ လကြာ။ ဝတဲ့လူနာတွေကို တပတ်မှာ 20,000-40,000 IU နဲ့ ၁ နှစ်ကြာ။ Multiple sclerosis ရောဂါရှိသေူတွေကို နေ့စဉ် 10,000 IU နဲ့ ၁၂ ပါတ်ကြာ။ ကြွက်သားနာ-အဆစ်နာတာအတွက် နေ့စဉ် Calciferol 100,000 IU နဲ့ ၁၂ လ။ Osteoporosis အရိုးအားနည်တာကို Vitamin D3 5,714 IU ဒါမှမဟုတ် Vitamin D2 10,000 IU နေ့စဉ်၊ ၆ လကြာပေးတယ်။ ပါရာဆိုက်ပိုးဝင်တာကို 40 IU နေ့စဉ် ၅ ရက်။ လူကြီးတွေကို 400 IU of vitamin D + Calcium 800 mg နေ့စဉ်ပေးတယ်။ လူအိုတွေကို Vitamin D3 အပါတ်စဉ် 8,400 IU နဲ့ ၁၆ ပါတ်ပေးတယ်။ Psoriasis အနာ၊ ခရုသင်းနဲ့ Seborrheic Keratosis အတွက် Vitamin D analog Calcipotriene ကို တနေ့ ၂ ကြိမ်လိမ်းစေတယ်။ အသက်ရှူလမ်းပိုးဝင်တာကို နေ့စဉ် 2,000 IU/kilogram နဲ့ ၃ ရက်ပေးတယ်။ Rheumatoid arthritis အဆစ်နာအတွက် တပတ်မှာ Vitamin D 50,000 IU နဲ့ ၁၂ ပါတ်ပေးတယ်။ တီဘီအတွက် Vitamin D2 10,000 IU တကြိမ် ပေးတယ်။ ဗိုင်းရပ်စ်ပိုးဝင်တာအတွက် Vitamin D 800 IU နေ့စဉ်နဲ့ ၂ နှစ်ကြာပေးတယ်။

Vitamin D toxicity ဗီတာမင် (ဒီ) များခြင်း
ရှားတယ်။ နေရာင်နဲ့ထိတွေ့လို မဖြစ်စေပါ။ အသက် ၁၄-၇၁ နှစ်ရှိသူတွေဟာ ခံနိုင်ရည် 4000 IU/day ရှိတယ်။ 1250 micrograms/day (50,000 IU) ကို နေ့စဉ် ကြာကြာသောက်ရင် အဆိပ်သင့်သလိုဖြစ်နိုင်တယ်။ Primary hyperparathyroidism ရောဂါရှိနေသူတွေမှာ ပိုဖြစ်နိုင်တယ်။ Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ်များနေခြင်းဟာ Vitamin D toxicity ကိုဖေါ်ပြနေတာဖြစ်နိုင်တယ်။ ဆီးသွားများပြီး ရေငတ်လာမယ်။ မကုဘဲထားရင် ကျောက်ကပ်၊ အသည်း၊ နှလုံးတွေကို ထိခိုက်မယ်။ ၁၂ လအောက်ကလေးငယ်လေးတွေဟာ အများဆုံးခံနိုင်တာက 25 micrograms/day (1000 IU) ဖြစ်တယ်။ ဗီတာမင် (ဒီ) များလို့ Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ်များတာကို ဖြစ်စေနိုင်တယ်။ စားချင်စိတ်နည်း၊ ပျို့မယ်၊ အန်မယ်၊ ဆီးများမယ်၊ အားနည်းမယ်၊ အိပ်မရဖြစ်မယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ ယားယံမယ်၊ ကျောက်ကပ်အလုပ်ပျက်မယ်။ ကိုယ်ဝန်ဆောင်ရင်လဲ လိုတာထက် ပိုမပေးသင့်ဘူး။ ကလေးကို သက်ရောက်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။ Vitamin D toxicity ကြောင့် ကလေးတွေမှာ Mental retardation ဥာဏ်ရည်ထိခိုက်မယ်။ အရိုးတည်ဆောက်မှု ထိခိုက်မယ်၊ ဝမ်းလျှောမယ်၊ စိတ်တိုမယ်၊ အလေးချိန်ကျမယ်၊ စိတ်ဓါတ်ကျမယ်။ ဖြစ်သူတွေကို အဲဒီဆေး ၂ မျိုး ပေးနေတာတွေ ရပ်ပြစ်ရမယ်။ ကျောက်ကပ်ပျက်စီးတာကို ပြန်ပြင်လို့မရနိုင်ဘူး။

ပြည်ပနိုင်ငံရေးထဲမှာ နယ်စပ်တောမှာသာနေရတဲ့ မိတ်ဆွေတယောက်ရှိတယ်။ သူတို့စခန်းမှာ ရာသီချိန်မှာပေါ်တဲ့ ဂေါ်ရခါးသီးသာ နေ့တိုင်းလိုလိုစားရတယ်။ ကြာတော့ သူကပြောတယ်။ ကနေ့ဂေါ်ရခါးသီးဟင်းဆိုရင် အင်္ကျီချွတ်ပြီး နေထဲမှာပဲနေတော့မယ်။ ဗီတာမင်ဒီတော့ရမယ်တဲ့။

နေရောင်အရနည်းတဲ့နေရာဒေသတွေမှာ ဗီတာမင်ဒီနည်းကြတယ်။ ဆေးသုတေသနတွေကလည်း အဲလိုတိုင်းပြည်က များတယ်။ မြန်မာပြည်မှာ နေရောင်နည်းသွားပြီလား မသိပါ။ ကြောငြာတွေမှာရေးတာတွေကို ချင့်ယုံကြစေချင်တယ်။

1. Calcium (ကယ်လ်စီယမ်) http://doctortintswe.blogspot.com/2014/12/calcium.html
2. Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/…/calcium-blood-tes…
3. Calcium အမျိုးသမီး၊ ကလေးနဲ့ ကယ်လ်စီယမ် http://doctortintswe.blogspot.com/2016/03/calcium.html
4. Cramps ကြွက်တက်ခြင်း http://dts-medicaleducation.blogspot.com/…/06/cramps_06.html
5. Vitamin D and Flu ဗီတာမင်ဒီ နဲ့ တုပ်ကွေး http://doctortintswe.blogspot.com/…/…/vitamin-d-and-flu.html
6. Vitamin D pills could stop colds or flu ဗီတာမင်ဒီကနေ အအေးမိ-တုပ်ကွေးကို ကုသနိုင် http://doctortintswe.blogspot.com/…/vitamin-d-pills-could-s…
7. Vitamin D ဗီတာမင် (ဒီ) http://doctortintswe.blogspot.com/2014/11/vitamin-d.html

ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၈

Comment

No comments:

Post a Comment